လီဗာပူးကို မိနစ် ၉၀ သရေနဲ့ ခံကစားမှာလေလို့ သတင်းထောက်ကို ထေ့ငေါ့သွားတဲ့ ဂွာဒီယိုလာ

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ပွဲဟာ သူ့နည်းပြဘဝ အကြီးမားဆုံး ပြိုင်ဘက်ကို ရင်ဆိုင်ရခြင်းလို့ ဂွာဒီယိုလာက ထုတ်ပြောလာပါတယ်။

စီးတီးနဲ့လီဗာပူးရဲ့ ပြိုင်ဆိုင်မှုကို တခြားအားကစားက ပြိုင်ဆိုင်မှုနဲ့ ဘယ်လို နှိုင်းယှဉ်မလဲလို့ မေးမြန်းခဲ့ရာ ဂွာဒီယိုလာက ” နာဒယ်၊ ဖက်ဒါရာနဲ့ ဒီဂျိုကိုဗစ်လို့ ပြောရမယ်။ သူတို့ ယှဉ်ပြိုင်ခဲ့ကြတာက ဆယ်စုနှစ် ၂ခု ကြာခဲ့ပြီး ကျွန်တော်တို့က ၅နှစ်ပဲ ကြာသေးတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ အခြေအနေတွေက ပိုမြန်မြန်ပြောင်းလဲနေပြီး အောင်မြင်မှု ထိန်းသိမ်းဖို့က တခြားအားကစားတွေထက် ပိုခက်ပါတယ်။

ကျွန်တော် အနားယူတဲ့အခါ ကျွန်တော့်ရဲ့ အကြီးမားဆုံး ပြိုင်ဘက်က လီဗာပူးဖြစ်ခဲ့တာကို အမှတ်ရနေမှာပါ။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း နှစ်သင်းလုံးရဲ့ တည်ငြိမ်မှုကို ဂုဏ်ပြုပါတယ်။ ဒါက အားကစားလောကမှာ အခက်ခဲဆုံးအရာပဲ။ ဒါကြောင့်ပဲ ဖက်ဒါရာ၊ နာဒယ်၊ ဒီဂျိုကိုဗစ်တို့ နှစ်တိုင်း ချန်ပီယုံဆုအတွက် စိန်ခေါ်နေတာက ဂုဏ်ယူစရာအကောင်းဆုံး ဖြစ်နေတာပါ ” လို့ မှတ်ချက်ပေးပါတယ်။

မန်စီးတီးဟာ လီဗာပူးနဲ့ သရေကျရင် တစ်မှတ်အသာနဲ့ ဆက်လက် ဦးဆောင်နေမှာဖြစ်ပေမယ့် ဂွာဒီယိုလာကတော့ သရေကို ဦးတည်ကစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ” ဟုတ်တယ်။ ကျွန်တော်တို့ မိနစ် ၉၀ လုံး ဂိုးမရှိသရေနဲ့ ခံကစားဖို့ မနေ့က လေ့ကျင့်ခဲ့ကြတာ” လို့ သတင်းထောက်ကို ထေ့ငေါ့ပြီး ပြောဆိုခဲ့ပါတယ်။

” ကျွန်တော့်ဘဝမှာ တခါမှ အဲ့လို မတွေးခဲ့ဖူးဘူး။ နောက်ဆုံး ၅မိနစ်မှာ ရလဒ်ကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ အချိန်ကလွဲရင်ပေါ့။ ကျွန်တော်တို့ ကိုယ့်ပုံစံအတိုင်း ကစားဖို့ ဒီပွဲကို ပြင်ဆင်သွားမှာပါ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲကို သရေကျရင် ဆုဖလားအတွက် နေရာကောင်းမှာ ဆက်ရှိနေဦးမှာဖြစ်ပေမယ့် လီဗာပူးအသင်းအတွက်တော့ ဇယားထိပ်က အသင်းကို ဖြုတ်ချဖို့ အနိုင်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။