ထရန့်က ဘက်ခမ်းထက် ပိုကောင်းတဲ့ ပေးပို့သူဆိုတဲ့ ဂျိုးကိုလ်း၊ လက်တလော သူ့ထက် ကောင်းသူ မရှိဆိုတဲ့ ဖာဒီနန်

အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ ဂျိုးကိုလ်းနဲ့ ဖာဒီနန်တို့ဟာ ဘင်ဖီကာနဲ့ပွဲမှာ ညာခြမ်းကနေ တိုက်စစ်အခွင့်အရေးရဖို့ ဖန်တီးပေးခဲ့တဲ့ ထရန့်ရဲ့ ပေးချက်တွေကို လက်ဖျားခါသွားခဲ့ပါတယ်။

ညာအစွန်လူဟာ သူကစားနေတဲ့ ညာခြမ်းကနေပဲ ဒီယက်စ်ကို တိုက်စစ်လမ်းကြောင်း ဖွင့်ပေးဖို့ အဝေး ဖြတ်တင်ဘော လုပ်ပေးခဲ့တာပါ။ အဲ့ဘောလုံးကို ဒီယက်စ်က ခေါင်းတိုက် ချပေးမှုကနေ မာနေးက အဆုံးသတ်ခဲ့တာဖြစ်တယ်။ ထရန့်ဟာ ဆာလာအတွက်လည်း တူညီတဲ့ ဘောလုံး ခင်ပေးမှု လုပ်ခဲ့သေးကာ အဆုံးသတ်ခွင့် ပိုင်ပိုင်နိုင်နိုင် မရခဲ့လို့ သွင်းဂိုး မဖြစ်ခဲ့ပါဘူး။

ဒီရာသီ ပြိုင်ပွဲစုံမှာ ဂိုးထောက်ပံ့မှု ၁၇ ကြိမ် လုပ်ထားတဲ့ အသက် ၂၃ နှစ်အရွယ် ညာအစွန်လူနဲ့ ပတ်သက်ပြီး ဂျိုးကိုလ်းက မယုံနိုင်အောင် ဖြစ်နေခဲ့တယ်။ ထရန့်ကို အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်းနဲ့ နှိုင်းယှဉ်မှုတွေကို ကိုလ်းက ပယ်ချလိုက်ပြီး ထရန့်က ပိုတောင်ကောင်းသေးတယ်လို့ ချီးကျူးခဲ့ပါတယ်။

ဂျိုးကိုလ်းက “ ဒီမယ် စကားလုံးတွေနဲ့ ပြောနေဖို့ကို မလိုဘူး။ ထရန့် ပေးတာတွေက ဘက်ခမ်းလိုပါပဲ ဒါပေမယ့် ဘမ်ခမ်းထက် ထရန့်က ပိုကောင်းကောင်းပေးနိုင်တယ်လို့ ထင်တယ်။ သူ့ရဲ့ ဖြတ်တင်ဘောတွေက ဘက်ခမ်းထက်ကို ပိုကောင်းပါတယ်။ ဒါက တစ်ခုခုကို ပြောပြနေတာပဲ ဘာလို့လဲဆိုတော့ ငါ့မျိုးဆက်မှာ ဘက်ခမ်းက အကောင်းဆုံး ပေးပို့သူ ဖြစ်ခဲ့တာပါ ” လို့ ဆိုပါတယ်။

ဖာဒီနန်ကလည်း “ အခုချိန်မှာ ထရန့်က ဒီဂြိုလ်မှာ အကောင်းဆုံးသော ပေးပို့သူတစ်ယောက် ဖြစ်ပါတယ်။ ငါတော့ ဂရုမစိုက်ဘူး။ မနေ့က သူ့ရဲ့ ပေးမှုကို မြင်တုန်းကဆို အသံအကျယ်ကြီးကို အော်ဟစ်မိတာပဲ။ သူလုပ်ပြသွားတာက ပုံမှန် မြင်နေကျ ပေးချက်မျိုးတွေမှ မဟုတ်ခဲ့ဘဲ။

သူ့ရဲ့ ဘောလုံးပေးမှုတွေက မြင်နေကျ ပုံစံတွေနဲ့ လုံးဝကို ကွဲထွက်နေတယ်။ ပေးချက်ကြီးနဲ့ အဆုံးသတ်လိုက်တာတင် မကဘူးကွာ အမြင်ကလည်း သိပ်ကို ကောင်းလွန်တယ် ” လို့ ချီးကျူးခဲ့ပါတယ်။

ယာဂင်ကလော့ပ် လက်ထက် လီဗာပူးအကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ထရန့်ဟာ မာဆေးဆိုဒ်ကလပ် ချန်ပီယံလိဂ်ဖလား အနိုင်ရမှုမှာ အဓိကကျတဲ့ နေရာက ပါဝင်ခဲ့ကာ နှစ်ပေါင်း ၃၀ အတွင်း ငယ်မွေးခြံပေါက် ကလပ်နဲ့ ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်နိုင်တဲ့ လီဗာပူးသားလည်း ဖြစ်လာခဲ့ပါတယ်။

သူဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး ညာအစွန်လူအဖြစ်တင်မက ကမ္ဘာအကောင်းဆုံး ညာအစွန်လူအဖြစ်ပါ ချီးကျးမှုတွေ ရရှိနေသူပဲဖြစ်ပါတယ်။