လာမယ့်ရာသီ ခံစစ်အတွက် တိုရီနို ခံစစ်မှူး ဘရီမားကို လျာထားသေးတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ လာမယ့်နွေမှာ တူရင်ကလပ် တိုရီနိုကနေ ထွက်ခွာတော့မယ့် အသက် ၂၅ နှစ်အရွယ် ဗဟိုခံစစ်မှူး ဘရီမားကို စောင့်ကြည့်နေကြောင်း လီဗာပူးသတင်းထောက် Neil Jones က ဖော်ပြလာပါတယ်။

ကလပ်ဟာ ခံစစ်မှူးရဲ့ တိုးတက်မှု အခြေအနေကို တောက်လျှောက် လေ့လာစမ်းစစ်နေတယ်။ ဒါပေမယ့်လို့ လက်ရှိမှာ သူ့ကို ခေါ်ယူနိုင်ရေး လီဗာပူးက ရေပန်းမစားဘဲ အင်တာမီလန်က အနေအထားကောင်းကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်ကလည်း စိတ်ဝင်စားထားသေးတဲ့ ခံစစ်သမားဟာ စီးရီးအေမှာ တောက်ပတဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်နေကာ ထိပ်တန်းခံစစ်မှူးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ၂၀၁၈ မှာ တိုရီနိုကို ပြောင်းပြီးတဲ့နောက် ပွဲပေါင်း ၁၀၀ ကျော် ကစားခဲ့တဲ့ သူ့ကို ဒီနွေမှာ ပေါင် ၂၁ သန်းနဲ့တင် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှာ ဗန်ဒိုက်၊ မာတစ်၊ ကိုနတေးတို့ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဂိုးမက်စ်ကိုလည်း ဆက်ထိန်းသွားမှာပါ။ ဒီရာသီမှာ ၈ ပွဲပဲ ကစားထားရတဲ့ အသက် ၂၄ နှစ်အရွယ် ဂိုးမက်စ် ကိုယ်တိုင်က လီဗာပူးအသင်းမှာ အနည်းဆုံး ၁ ရာသီ ဆက်ကစားဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပြီဖြစ်တယ်။

ဂိုးမက်စ်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာအသင်းက အတော်လေး စိတ်ဝင်စားထားခဲ့ပေမယ့် လီဗာပူးဘက်ကတော့ ကလော့ပ် နှစ်သက်တဲ့ ခံစစ်သမားကို အသင်းမှာ ဆက်ရှိရေး စည်းရုံးထားနိုင်ဆဲဖြစ်ပါတယ်။

လီဗာပူးဘက်က ခံစစ်သမား တစ်ဦးကို ရောင်းထုတ်ရဖို့တော့ ရှိနေပြီး နက်ဖီးလစ်ကို အရောင်းစာရင်းတင်ကာ ဗန်ဒန်ဘတ်နဲ့ ရွိုင်းဝီလီယမ်တို့ နှစ်ဦးကို ဆက်ပြီး အငှားချဖွယ် ရှိပါတယ်။

ဗန်ဒန်ဗတ်ဟာ ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းမှာ အတော်လေး ခြေစွမ်းပြနေတာဖြစ်ပြီး ရိုင်းကတော့ ဆွမ်ဆီမှာ အငှားထွက်ကစားစဉ် မအောင်မြင်ခဲ့မှုနဲ့အတူ လီဗာပူး ယူ-၂၃ အသင်းထံ ပြန်ရောက်နေခဲ့ပြီ ဖြစ်ပါတယ်။