တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးပွဲအတွက် လေးစားမှုနဲ့အတူ တင်စားသွားတဲ့ ဒီဘရိုင်း

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ မန်စီးတီးပွဲဟာ ဒီရာသီအတွက် အကြီးကျယ်ဆုံး ပွဲတစ်ပွဲဖြစ်သလို ဒီနှစ်တွေအတွင်း အခမ်းနားဆုံး ပွဲတစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။

ဒီပွဲကို လီဗာပူးအသင်းက အနိုင်ရမယ်ဆိုရင် ဇယားထိပ်ကို တက်နိုင်မှာဖြစ်ပြီး မန်စီးတီးက အနိုင်ရမယ်ဆိုရင် ချန်ပီယံဆုအတွက် လက်တစ်ကမ်းကို ရောက်ရှိသွားမှာပါ။ အမှတ်ပေးဖလား ပြေးလမ်းမှာ ဘယ်အသင်း အသာစီးရမလဲဆိုတာကို အဖြေထုတ်သွားနိုင်တဲ့ ဒီပွဲဟာ ဗိုလ်လုပွဲထဲက ဗိုလ်လုပွဲအဖြစ် တင်စားခံနေရတာဖြစ်တယ်။

စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ဒီပွဲရဲ့ အရေးပါမှုကို သိရှိထားသလို ဒီလို ပွဲကြီးပွဲကောင်း တစ်ပွဲကို ယှဉ်ပြိင်ကစားရတာဟာ အခွင့်ထူးခံ ကိစ္စတစ်ခုအဖြစ် ခံယူနေတာဖြစ်တယ်။ လီဗာပူးပရိသတ်အဖြစ် ဝန်ခံထားဖူးတဲ့ ဒီဘရိုင်းဟာ ဒီပွဲမှာ မန်စီးတီးကို ကိုယ်စားပြုပြီး သူကိုယ်စားပြုနေတဲ့ ကလပ်အတွက် အနိုင်ရလဒ် ရယူရေးကို စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။

ဒီဘရိုင်းကပဲ “ ဒီပွဲက တကယ်ကို ကြီးမားပါတယ်။ ကျနော်ထင်တယ် လူတိုင်းလည်း ဒီပွဲကို မျှော်နေကြပါလိမ့်မယ်။ ကစားသမားတွေကလည်း ဒီလိုပွဲ ကစားရတာကို တကယ့် အခွင့်ထူးခံ ကိစ္စတစ်ခုလို မှတ်ယူနေကြမှာပါ။

ကစားသမားတစ်ယောက် အနေနဲ့ ပွဲတွေကို အနိုင်ရချင်တယ်၊ ဆုဖလားတွေ အနိုင်ရချင်တယ်။ အဲ့လိုတွေ လုပ်နိုင်ဖို့ဆိုရင် ဒီလိုပွဲကြီးကို အနိုင်ရဖို့ လိုပါတယ်။ ဒါပေမယ့် နိုင်သည်ဖြစ်စေ၊ သရေကျသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ပွဲတွေ ဆက်ကစားဖို့က ကျန်နေဦးမှာပါ။ ကျနော်တို့ ပွဲကောင်းတစ်ပွဲကို ကစားနိုင်ဖို့ ကြိုးစားမှာပါ။ ပြီးရင်တော့ ဘာဖြစ်လာမယ် ကြည့်ကြတာပေါ့။

ဒါက ကျနော်တို့ရဲ့ စိတ်ဓါတ်ပိုင်း ခံယူချက်ပါ။ ရနိုင်တဲ့ ဆုဖလား ၃ လုံးလုံးကို အနိုင်ရချင်တယ်။ ဒီပွဲက အရမ်း ခက်ခဲပါလိမ့်မယ်။ ဒီပွဲမတိုင်ခင်မှာ အကောင်းဆုံးတွေ လုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ အရည်အချင်းကလည်း သိပ်ကောင်းလွန်းတာကို ကျနော်တို့ လေးစားရပါမယ်။ ပြင်းပြင်းထန်ထန် ကြိုးစားရမယ့် ပွဲပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာတော့ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်မှာလည်း ထိပ်တိုက်တွေ့ကြမှာပါ။ အကယ်လို့ နှစ်သင်း အကောင်းဆုံး လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲမှာပါ ထိပ်တိုက်တွေ့ကြမှာပဲ ဖြစ်ပါတယ်။