လီဗာပူးရဲ့ အညတရ ဟီးရိုးတွေကို အသိအမှတ် ပြုသင့်တယ်လို့ အာဆင်ဝင်းဂါး ချီးကျူး

လီဗာပူးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ခြေတစ်ဖက် ချနိုင်ခဲ့တဲ့နောက် နောက်ကွယ်ကနေ အသင်းအတွက် အားထုတ်ပေးနေတဲ့ အညတရ သူရဲကောင်းတွေကို အာဆင်နယ်ဂန္တဝင်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဘင်ဖီကာနဲ့ ကွာတားဖိုင်နယ် ပထမအကျော့ကို ၃-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး သမိုင်းဝင် ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။ ကိုနတေး၊ မာနေးနဲ့ လူးဝစ်ဒီယက်စ်တို့ရဲ့ ဂိုးတွေဟာ ဒုတိယအကျော့ မတိုင်ခင် လီဗာပူးကို အသာစီးနဲ့ ဦးဆောင်နိုင်စေဖို့ လုံလောက်ခဲ့ပါတယ်။

အဆိုပါပွဲမှာ လီဗာပူးရဲ့ ၃ ဂိုးထဲက ၂ ဂိုးဟာ ဒီရာသီ အပြောင်းအရွှေ့ ကာလတွေအတွင်း ဝယ်ယူထားခဲ့တဲ့ ကစားသမားသစ်တွေဆီကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ကိုနတေးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ လိုက်ဇစ်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီယက်စ်ကတော့ ဇန်နဝါရီမှာ ပေါ်တိုကနေ ရောက်ရှိလာခဲ့တာပါ။

မာနေးဟာလည်း လီဗာပူးအကယ်ဒမီထွက် မဟုတ်ဘဲ တခြားကလပ်ကနေ ရောက်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီ့ အောင်မြင်တဲ့ လူသစ်ခေါ်ယူမှုတွေအတွက် အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်ဦးဆောင်တဲ့ လီဗာပူးရဲ့ ကင်းထောက်အဖွဲ့ကို ဝင်းဂါးက ချီးကျူးခဲ့ပါတယ်။

“ ကျွန်တော် လီဗာပူးကင်းထောက်တွေကို ၁၀ မှတ်မှာ ၁၀ မှတ်လုံး ပေးချင်တယ်။ သူတို့လုပ်ခဲ့သမျှ ဘာမှမမှားခဲ့ဘူး။ ဆာလာနဲ့ မာနေးကနေ ဗန်ဒိုက်အထိ။ အခု ဒီယက်စ်ရောပဲ။ ဒီယက်စ်က ထူးခြားတဲ့ပုံပဲ။ သူတို့လုပ်ခဲ့တာတွေက မယုံနိုင်စရာကောင်းတယ်။

ကျွန်တော်တို့ မျှော်လင့်သလောက် ပူးပေါင်းနိုင်ခြင်း မရှိခဲ့တဲ့သူကတော့ သီယေဂိုပဲ။ ကိတ်တာလည်း နည်းနည်းပါတယ်။ သူတို့မှာ ကြီးမားတဲ့ အလားအလာတွေ ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သူတို့တွေက ပရီးမီးယားလိဂ်ရဲ့ အရှိန်အဟုန်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်နည်းနည်း ယူရတယ်။ ဒါပေမယ့် သူတို့က ကစားသမားကောင်းတွေ ဖြစ်နေဆဲဖြစ်ပြီး အတော်လေးကို ကောင်းကောင်းလုပ်ခဲ့ပါတယ်။

တခါတလေ နောက်ကွယ်က လူတွေကို ဂုဏ်ပြုပေးဖို့ လိုအပ်တယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့က အချိန်အကြာကြီး ဒီလောကထဲ ရှိနေတာကိုး။ ဒါပေမယ့် မင်းမှာ အသင်းကောင်းတစ်သင်း ရှိထားရင်၊ အဓိကက နောက်ကွယ်က အလုပ်ကြိုးစားမှုတွေ၊ ကင်းထောက်အဖွဲ့ရဲ့ အရည်အသွေးနဲ့ ချိတ်ဆက်ဝယ်ယူခဲ့တဲ့ ကစားသမားတွေရဲ့ အရည်အသွေးကြောင့်ပါပဲ ” လို့ ဝင်းဂါးက ပြောဆိုခဲ့ပါတယ်။

လီဗာပူး အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်ဟာ ရာသီကုန်မှာ အန်ဖီးက သူ့တာဝန်ကနေ နုတ်ထွက်တော့မှာပါ။ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ ဂျူလီယန်ဝပ်က လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာ အသစ်တာဝန်ကို ဆက်ခံမှာဖြစ်ပြီး လီဗာပူးအတွက် အပြောင်းအရွှေ့ နည်းဗျူဟာတွေကို ဦးဆောင်ပေးမှာ ဖြစ်ပါတယ်။