ဆောင်းပါး | လီဗာပူးအသင်းနဲ့ နောက်ဆုံး အခွင့်အရေးကို ဆုပ်ကိုင်ပြနိုင်ဖို့ လိုအပ်လာတဲ့ ကိတ်တာ

ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းအတွက် သိပ်ကိုကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခုကို ပြုလုပ်ပေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် နှမျောဖို့ကောင်းစွာပဲ အောင်မြင်တယ်လို့ ပြောဖို့ ခက်ခဲတဲ့ အနေအထားမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ အသင်းသမိုင်းမှာ တတိယမြောက် ဈေးအကြီးဆုံး ကစားသမားအဖြစ် ၂၀၁၈ မှာ ကိတ်တာကို လိုက်ဇစ်ကနေ ပေါင် ၅၂.၇၅ သန်းဖြင့် ခေါ်ယူခဲ့တယ်။ ယာဂင်ကိုယ်တိုင်က “ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူ” လို့ တင်စားခဲ့ရတဲ့ ကိတ်တာဟာ ဒီကာလတွေမှာ စိတ်ပျက်ဖို့ကောင်းတဲ့ ဒဏ်ရာ ပြဿနာတွေနဲ့ပဲ ရုန်းကန်နေခဲ့ရတယ်။

ယာဂင်ကလော့ပ်ဟာ ဟန်ဒါဆန်၊ မီလ်နာ၊ ဝိုက်နယ်ဒမ်တို့နဲ့အတူ ဖန်တီးမှုမရှိပေမယ့် လုပ်အားနှုန်းနဲ့အတူ အသင်းရဲ့ ဟာကွက်တွေကို ဖြည့်ကစားပေးမယ့် စနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါပေမယ့် လီဗာပူး ကွင်းလယ်ဟာ ပြိုင်ဘက် ကွင်းလယ်တွေထက် တစ်ဆင့် နိမ့်လွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေ အမြဲတမ်း ရှိခဲ့ပါတယ်။

စာချုပ်ကုန်တော့မယ့် မီလ်နာ၊ အသက်ရလာတဲ့ ဟန်ဒါဆန်နဲ့ ဝိုက်နယ်ဒမ် ထွက်ခွာသွားမှာတွေအတွက် ရည်ရွယ်ပြီး ကလော့ပ်ဟာ ဖာဘင်ညို၊ ကိတ်တာ၊ သီယေဂို ဆိုတဲ့ ကွင်းလယ်ကို ပြောင်းလဲ စုစည်းခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ဘင်ဖီကာနဲ့ပွဲမှာမှ ကိတ်တာနဲ့ သီယေဂိုတို့ ပွဲထွက်လူစာရင်းကနေ အတူ တွဲကစားနိုင်ခဲ့ကြပါတယ်။

ဘင်ဖီကာနဲ့ပွဲမှာ ကိတ်တာဟာ ဘောလုံးထိချက် ၁၀၆ ချက်နဲ့ အများဆုံးဖြစ်ခဲ့တယ်။ ဘောလုံးပေးမှု ၇၈ ကြိမ်မှာ ၉၂% တိကျမှုအဖြစ် ၇၂ ကြိမ် အောင်မြင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကို ၈ ကြိမ် ပြန်ဆယ်ပေးခဲ့သလို ဝင်လုမှု ၅ ကြိမ် အောင်မြင်ခဲ့တယ်။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ထိပ်တန်းဆိုတဲ့ ခြေစွမ်းကို သူပြသနိုင်ခဲ့ပါတယ်။

လီဗာပူးကွင်းလယ်ဟာ သီယေဂိုနဲ့ ကိတ်တာ ပေါင်းဖက် ကစားမှုနဲ့အတူ အတော်လေးကို ထက်မြက်လွန်းတာကို ပရိသတ်တွေ သတိထားမိခဲ့တယ်။ ဒါပေမယ့်လို့ နှမြောစရာ ကောင်းစွာပဲ နှစ်ဦးလုံးဟာ ဒီလိုမျိုး ပွဲတိုင်း လုပ်ပြနိုင်မယ် တွဲကစားနိုင်မယ်လို့ ဘယ်သူမှ မယုံကြည်ကြပါဘူး။

ဘောလုံးအမြင် သိပ်ကောင်းပြီး တိုက်စစ်ပိုင်းမှာ လက်ရှိ ကွင်းလယ်လူတွေထက် ခေါင်းတစ်လုံး ပိုသာတဲ့ ဂူနီယာသားဟာ လီဗာပူးကစားသမားဘဝ နာမည်ကောင်းဖြင့် ကျော်ကြားလှသူ မဟုတ်ပါဘူး။ သူဟာ လီဗာပူးအတွက် တောက်ပတဲ့ ခြေစွမ်း မကြာခဏ ပြသခဲ့ပေမယ့် မကြာခဏနဲ့ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတယ်။

၂၀၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် စပါးကို အနိုင်ရစဉ် ပေါင်ခြံ ဒဏ်ရာကြောင့် မပါနိုင်ခဲ့သလို၊ နောက်တစ်ရာသီ အက်သလက်တီကို မက်ဒရစ်ကို အရေးနိမ့်လို့ ထွက်ခွာရစဉ်မှာလည်း ဒဏ်ရာကြောင့် မပါနိုင်ခဲ့ဘူး။ တစ်နှစ်အကြာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်စဉ်မှာလည်း ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရကာ တစ်ရာသီလုံး အနားယူခဲ့ရပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက အက်သလက်တီကိုနဲ့ အုပ်စုအဆင့်ပွဲမှာ ခံစစ်ကို မကာကွယ်နိုင်မှုနဲ့အတူ တစ်ပိုင်းပဲ ကစားပြီး လူစားလဲခံခဲ့ရတယ်။ ဒီအပတ်မှာတော့ ဟန်ဒါဆန်ကို အနားပေးလိုတာကြောင့် သူ့ကို ပွဲထွက်က ထုတ်သုံးချိန်မှာ ကိတ်တာက အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့ပါတယ်။

ကိတ်တာဟာ ခြေစွမ်းခြေစ ကောင်းမွန်ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှု အားနည်းလွန်းတဲ့ အချက်ကြောင့်ပဲ ယာဂင်ကလော့ပ်ရဲ့ ဦးစားပေး ကွင်းလယ်လူအဖြစ် သတ်မှတ်ခြင်း မခံရတာ ဖြစ်ပါတယ်။

ဒီရာသီ ဒုတိယနှစ်ဝက် မတိုင်ခင်မှာ ယာဂင်ကလော့ပ်ဟာ အသင်းသားတွေနဲ့ တစ်ဦးချင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဖရိကဖလားကနေ ပြန်လာပြီးတည်းက ကိတ်တာဟာ ပိုကြံ့ခိုင်တဲ့ အနေအထားတွေကို ပြသလာခဲ့ပါတယ်။ မတ်လ နိုင်ငံတကာ သီတင်းပတ်မှာပဲ ကိတ်တာက ‘သူ့ရဲ့ အကောင်းဆုံးတွေကို လီဗာပူးပရိသတ်တွေက အခုထိ မမြင်ရသေးပါဘူး’ လို့ ဆိုခဲ့တယ်။

ကိတ်တာဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲမှာပဲ ပွဲထွက် လူစာရင်းကနေ ပါဝင်ထားနိုင်တယ်။ ပြိုင်ပွဲစုံအားဖြင့် ၁၃၉၉ မိနစ်ပဲ ကစားထားနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ သူကစားထားတာထက် မိနစ် ပိုများများ ကစားထားနိုင်ခြင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဆုဖလား ၄ လုံး ရည်မှန်းချက်အတွက် အားထုတ်နေတဲ့ အသင်းဖြစ်ကာ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ အစိတ်အပိုင်းအဖြစ် ပါဝင်သွားတော့မှာဖြစ်တယ်။ လူတိုင်းက ဆာလာ အပေါ်မှာပဲ အာရုံစိုက်နေပေမယ့် ကိတ်တာကလည်း လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိပါတော့တယ်။

ကိတ်တာဟာ မန်စီးတီးနဲ့ ရင်ဆိုင်ရာမှာ တစ်ကြိမ်မှ ပွဲထွက်လူစာရင်းကနေ ပါဝင်ဖူးခြင်း မရှိပါဘူး။ မန်စီးတီးပွဲ မတိုင်ခင် နောက်ဆုံး ၁၈ ပွဲမှာ ၁၇ ပွဲထိ အနိုင်ရထားတဲ့ လီဗာပူးရဲ့ ခြေစွမ်း တည်ငြိမ်မှုမှာ ကိတ်တာကို ထည့်သွင်းခြင်းနဲ့ အရဲစွန့်မှုမျိုး ထပ်လုပ်ဖို့ ကလော့ပ် ရွေးချယ်ဖွယ်လည်း မရှိပါဘူး။

တနင်္ဂနွေနေ့ မန်စီးတီးကို ရင်ဆိုင်ရာမှာ ယာဂင်ကလော့ပ်က ဖာဘင်ညို၊ သီယေဂိုနဲ့ ဟန်ဒါဆန် အတွဲကိုပဲ ဦးစားပေးအဖြစ် ရွေးချယ်ဖွယ် ရှိတာပါ။ ဒါပေမယ့် ကိတ်တာ ပါရသည်ဖြစ်စေ မပါရသည်ဖြစ်စေ သူ့အနေနဲ့ လီဗာပူးအသင်း အနာဂတ်မှာ ဆက်ပါလိုတယ်ဆိုရင် စစ်မှန်တဲ့ နာဘီ ကိတ်တာ ခြေစွမ်းတွေကို ပြသနိုင်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။