ဗီလာရီးရဲလ် ၁-၀ ဘိုင်ယန်မြူးနစ်၊ တန်းဆင်းဇုန်နား ကပ်သွားတဲ့ အဲဗာတန်နဲ့ ပြိုင်ဘက်တွေ ဘာဖြစ်နေလဲ

လီဗာပူးအသင်းဟာ ဒီအပတ်မှာ ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ပွဲကို အာရုံစိုက်နေစဉ်မှာပဲ အဓိက ပြိုင်ဘက် ကလပ်တွေကလည်း ဒီမနက်မှာပဲ သူတို့ရဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

မနက်က လီဗာပူးအသင်းရဲ့ အတွဲဘက်မှာ ရှိနေတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဗီလာရီးရဲလ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ယှဉ်ပြိုင်ကစားရာမှာ အိမ်ရှင် ဗီလာရီးရဲလ်က အနိုင်ရခဲ့ပါတယ်။ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခြင်းဖြစ်ကာ ဒုတိယအကျော့ အိမ်ကွင်းမျာ ဧည့်ခံရမယ့် ပွဲစဉ်အတွင်း ဘိုင်ယန်က အခွင့်အရေး ရှိနေဦးမှာဖြစ်တယ်။

လာလီဂါကလပ်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဒမ်ဂျူမားက သွင်းယူခဲ့တာဖြစ်တယ်။ အကယ်လို့ လီဗာပူးအသင်းက ဘင်ဖီကာကို ဒုတိယအကျော့ ရလဒ်အပြီး ဆီးမီးအဆင့်မှာ ဗီလာရီးရဲလ်ကို တွေ့ရမယ်ဆိုရင်တော့ သိပ်မဆိုးတဲ့ ပြိုင်ဘက်ကို ရလိုက်တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မာဆေးဆိုဒ် ဒါဘီပြိုင်ဘက် အဲဗာတန်ဟာ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန် အဆင့် ၁၈ အသင်းနဲ့ ၁ မှတ်ပဲ ကွာပါတော့တယ်။ အဆိုပါပွဲအပြီး အဲဗာတန် ပရိသတ်တွေကတော့ နည်းပြ လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုနေကြပြီ ဖြစ်ပါတယ်။

ဘန်လေနည်းပြ ဆမ်ဒိုက်ကဆိုရင် ” ဒုတိယပိုင်းမှာ ပြောဖြစ်ခဲ့တာ အဲဗာတန်က ဘောလုံးပွဲ တစ်ပွဲကို ဘယ်လို အနိုင်ယူရမယ်ဆိုတာ သိရဲလားတောင် မသေချာပါဘူး ” ဆိုပြီး ပြောဖြစ်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောပြပါတယ်။

လီဗာပူးအသင်းနဲ့ အဲဗာတန်တို့ဟာ ဒီလအတွင်း အန်ဖီးကွင်းမှာ ထိပ်တိုက် ယှဉ်ပြိုင်ရဦးမှာပါ။ တန်းဆင်းဇုန် ရုန်းအားနဲ့အတူ ပိုမို အားထုတ်လာမယ့် အဲဗာတန်ကို အညှာအတာကင်းကင်း ကစားပြီး အနိုင်ယူဖို့ဟာ ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေရဲ့ တာဝန်ဖြစ်လာသလို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို မြင်ရဖွယ် ရှိနေခဲ့ပါပြီ။