လီဗာပူးနဲ့ မန်စီးတီး ထိပ်တိုက်တွေ့မှုမှာ အနိုင်ရမယ့် အသင်းကို ရွေးထုတ်တဲ့ ဝိန်း ရွန်းနီ

Sky Sports ရဲ့ တနင်္လာည ဘောလုံးစကားဝိုင်းမှာ လီဗာပူးမြို့သား သရဲနီဟောင်း ဝိန်းရွန်းနီဟာ အထူးဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပြီး အကြောင်းအရာ တော်တော်များများကို ဆွေးနွေးခဲ့ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်က အကြိတ်အနယ်ဖြစ်နေတဲ့ ချန်ပီယံတိုက်ပွဲ အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။

မန်စီးတီးဟာ ဒီနှစ်အစမှာ လိုက်မမီနိုင်အောင် ဖြစ်ခဲ့ပေမယ့် ကလော့ပ်ရဲ့အသင်းက အနောက်ကနေ ဆက်တိုက် လိုက်နေခဲ့ပြီး ကွာဟချက်တွေကို တဖြည်းဖြည်းနဲ့ လျှော့ချခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ရာသီကုန် ချန်ပီယံ အဆုံးအဖြတ်မှာ အရေးပါလာနိုင်တဲ့ပွဲအဖြစ် တနင်္ဂနွေနေ့ အီသီဟဒ်မှာ ထိပ်တိုက်တွေ့ဆုံရမှာ ဖြစ်ပါတယ်။

အခု လီဗာပူးက သူတို့ရဲ့ ပြိုင်ဘက်တွေရဲ့နောက် တစ်မှတ်ကွာဟနေတာ ဖြစ်ပါတယ်။ ဖလားလုပွဲမှာ လီဗာပူးကော မန်စီးတီးပါ မပါနိုင်ရင်ကောင်းမယ်လို့ ရွန်းနီက အရွှန်းဖောက်ခဲ့ပေမယ့် ဒီတစ်ပတ် တိုက်ပွဲမှာ လီဗာပူးဟာ စီးတီးအိမ်ကွင်းမှာ အရေးပါတဲ့နိုင်ပွဲ ရယူသွားနိုင်တယ်လို့ ဝန်ခံခဲ့ပြီး အဲ့ဒီ့စကားဟာ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါအတွက် နားဝင်ချိုစေခဲ့တာဖြစ်ပါတယ်။

“ တနင်္ဂနွေနေ့ပွဲက ဘယ်သူချန်ပီယံဖြစ်မလဲဆိုတာ ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ကျန်ပွဲတွေမှာ သူတို့တွေ အမှတ်လျော့စရာ မရှိတော့ဘူးလို့ ထင်တယ်။ နှစ်သင်းလုံးက ဥရောပမှာ အကောင်းဆုံး နှစ်သင်းလို့ ပြောလို့ရလောက်ပြီး အစောပိုင်းပွဲမှာ လီဗာပူး အနိုင်ရခဲ့တာကို စီးတီးက တုံ့ပြန်ခဲ့တာက အတော်ကောင်းတယ်လို့ မြင်တယ်။

ဒါက ချန်ပီယံတွေ လုပ်တဲ့အရာပဲ။ ဖိအားတွေနဲ့ ပွဲတစ်ပွဲ ရှိနေရင် သူတို့က အဲ့ဒီ့ဖိအားတွေက ဖယ်ရှားပစ်နိုင်တယ်။ အခု တနင်္ဂနွေနေ့မှာ သိပ်ကို စမ်းသပ်မှုဆန်တဲ့ ပွဲတစ်ပွဲ ကစားရတော့မယ်။ သူတို့ တစ်သင်းမှ ဖလားမရရင် ကောင်းမယ်။ စီးတီးလိုမျိုးပဲ လီဗာပူးကလည်း ပုံစံကောင်းရနေတယ်။ လီဗာပူးက အဲ့ဒီ့ကိုသွားပြီး အနိုင်ယူနိုင်လောက်ပါတယ် ” လို့ ရွန်းနီက ဆိုပါတယ်။

လီဗာပူးဟာ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်မျိုးတွေ ပြသနေတာ မဟုတ်ခဲ့ပေမယ့် သိပ်ကောင်းတဲ့ ခုခံကာကွယ်နိုင်စွမ်း ရှိပါတယ်လို့ ကာရေဂါက ချီးကျူးခဲ့ပါတယ်။

“ အယ်လီဆန်နဲ့ ဗန်ဒိုက်တို့က နောက်ဆုံးပွဲ အနည်းငယ်အတွင်း အတော်လေးကို ကောင်းခဲ့ပါတယ်။ အဲ့ဒီ့ပွဲတွေကို လီဗာပူးက နိုင်တယ်ဆိုရုံလောက်ပဲ လုပ်ခဲ့တာပါ။ လိဒ်စ်ကို ၆ ဂိုးပြတ် အနိုင်ရခဲ့တုန်းက အချိန်တွေကို ပြန်သွားချင်တယ်။ အဲ့ဒါက လီဗာပူးရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံး ပွဲအနည်းငယ်အတွင်း အဲ့လိုပုံစံမျိုး ရှိမနေခဲ့ဘူး”လို့ ကာရေဂါက ဆိုပါတယ်။

ဘယ်နေရာမှာ ပိုကောင်းဖို့ လိုအပ်နေတာလဲဆိုတာနဲ့ ပတ်သက်ပြီး ၎င်းက “သူတို့တွေ မန်စီးတီးနဲ့ပွဲမှာ ရလဒ်ကောင်း ရချင်တယ်ဆိုရင် အသင်းရဲ့ စွမ်းဆောင်ရည် အဆင့်အတန်းကို မြှင့်တင်ဖို့ လိုလိမ့်မယ် ထင်တယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။