ဟာလန်းကို အပြိုင် ကမ်းလှမ်းမှုတွေထဲ လီဗာပူး လုံးဝ မပါဘူးလို့ ကလော့ပ် ယတိပြတ် ငြင်း

လီဗာပူးအသင်းဟာ နော်ဝေတိုက်စစ်သမား ဟာလန်းကို ခေါ်ယူမယ့် ကလပ်တွေထဲမှာ မပါဝင်ပါဘူးလို့ ယာဂင်ကလော့ပ်က အပြတ် ငြင်းဆန်လိုက်ပါတယ်။

ဒေါ့မွန်နည်းပြဟောင်းက ဟာလန်းရဲ့ အနာဂတ်အတွက် မေးခွန်းထုတ်ခံရချိန်မှာ တိုက်စစ်သမားအတွက် များပြားတဲ့ ငွေကြေး ကုန်ကျမယ့် ကိစ္စတွေကို စိတ်ပျက်နေခဲ့တာပါ။ တိုက်စစ်မှာ ဂိုးသွင်း ကောင်းလွန်းလှတဲ့ ဟာလန်းကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးတွေ အပါအဝင် ၅ နှစ်စာအတွက် ယူရို သန်း ၃၅၀ လောက်ထိ ကျသင့်မှာ ဖြစ်ပါတယ်။

“ ကျနော်တို့ ချိတ်ဆက်မှုတွေမှာ ပါဝင်သွားမှာ မဟုတ်ပါဘူး။ ဒီခေါ်ယူမှုမှာ ပါဝင်ကြမယ့် ကိန်းဂဏန်းတွေက ရူးလောက်စရာပါပဲ။ ဒီအပြောင်းအရွှေ့မှာ ကျနော်တို့ ဘာမှ ဝင်လုပ်မှာ မဟုတ်ဘူး။ လုံးဝ ဝင်ပါသွားဖို့ မရှိပါဘူး။

ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် ဝင်ပါချင်တာ ဘာတစ်ခုမှ မရှိဘူး။ အဲ့တာက ပျော်စရာလည်း မကောင်းပါဘူး ” လို့ ကလော့ပ်က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

GOAL သတင်းက ဖော်ထုတ်မှုအရ ဟာလန်းကို ခေါ်ယူရာမှာ ပေးရမယ့် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဟာ လူကြီးလူကောင်း သဘောတူညီမှုပဲဖြစ်ပြီး ကလပ်တွေ အပြိုင်ကမ်းလှမ်းလို့ အဲ့ထက် ပိုပေးမယ့် ကလပ်ရှိလာခဲ့ရင် ပြောင်းရွှေ့ကြေးက တိုးမြင့်သွားမှာ ဖြစ်ပါတယ်။ ကစားသမားရဲ့ အေးဂျင့်နဲ့ ဖခင်ဘက်ကလည်း အပြောင်းအရွှေ့ ဖြစ်မြောက်ရေးအတွက် သန်းပေါင်းများစွာသော ငွေကြေးကို ရယူလိုတယ်။

ဟာလန်းကို ခေါ်ယူတဲ့ကလပ်ဟာ သူ့အတွက် လုပ်ခအဖြစ် တစ်နှစ်ကို အခွန်မဆောင်ခင် ယူရို သန်း ၅၀ ပေးရမှာဖြစ်တယ်။ ဒါကြောင့် ၅ နှစ်စာချုပ်အတွက် လုပ်ခက ယူရို သန်း ၂၅၀ ထိ ကျသင့်မယ်လို့ သိထားရတာဖြစ်ပါတယ်။