သိပ်ကောင်းတဲ့ သီယေဂို-ကိတ်တာ အတွဲ၊ စိတ်လှုပ်ရှားစရာ ဒီယက်စ်၊ မန်စီးတီးပွဲနဲ့ ဘင်ဖီကာပွဲအပြီး စကားစမြည်း ပြောစရာများ

လူစုံတက်စုံ မြင်တွေ့ခဲ့ရတဲ့ ကွင်းလယ်

ထူးထူးခြားခြားအဖြစ် နာဘီကိတ်တာ၊ ဖာဘင်ညိုနဲ့ သီယာဂိုတို့ကို ကွင်းလယ်မှာ အတူ ပွဲထွက်စေခဲ့ပါတယ်။ ဒီကွင်းလယ်အတွဲဟာ ပရီးမီးယားလိဂ်ဖလား ကာကွယ်ဖို့ ယာဂင်ကလော့ပ် ရည်ရွယ်ခဲ့တဲ့ တွဲဘက်မှုဖြစ်ပေမယ့် သီယေဂိုနဲ့ ကိတ်တာတို့ရဲ့ မကြာခဏ ဒဏ်ရာရမှုတွေနဲ့အတူ အရင်တုန်းက သူတို့သုံးယောက်ကို မိနစ်အနည်းငယ်လောက်ပဲ အတူတွဲကစားခဲ့ဖူးတာပါ။ ဒါပေမယ့် ဒီပွဲမှာတော့ သူတို့သုံးယောက်ရဲ့ လွှမ်းမိုးမှုက အရမ်းကောင်းခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှု ရထားရင် နံပါတ် ၈ နေရာမှာ ကိတ်တာက သိပ်ကောင်းလှပြီး နံပါတ် ၆ သမား သီယေဂိုနဲ့အတူ နှစ်ယောက်လုံးက မှော်ဆန်တဲ့ အခိုက်အတန့်တချို့ ရရှိခဲ့တာပါ။ ဒီပွဲ ပထမပိုင်းမှာ ကိတ်တာရဲ့ ပေးပို့မှုကနေ ဒီယက်ဇ် တစ်ယောက်ချင်း ကန်ခွင့်ရခဲ့တဲ့ အခြေအနေကလည်း သိပ်ကောင်းပါတယ်။

ကိတ်တာက အရေးပါတဲ့ ဧရိယာတွေထဲကို ခဏခဏ ရောက်ရှိနေတာတွေက အသင်းအတွက် အတော်လေး အကျိုးရှိစေခဲ့တာပါ။ ကွင်းလယ်အတွက် ပိုပြီးအရေးကြီးတာက သူတို့ရဲ့ off the ball လှုပ်ရှားမှုတွေဖြစ်ပြီး ဒီသုံးယောက်က တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။
တိုက်ရိုက် စိန်ခေါ်မှုတွေမှာ သူတို့တွေက အမြဲတမ်း အသာစီးရခဲ့ပါတယ်။

တိုက်စစ် အနောက်တန်းကနေ အရှေ့က ပြေးလွှားသူတွေကို လိုက်ထိန်းပြီး ဘောလုံးကို နေရာစုံကနေ ပို့ဆောင်ပေးဖို့ အတူတကွ လုပ်နိုင်ခဲ့ပါတယ်။ ကလော့ပ်အတွက် စိုးရိမ်စရာ တစ်ခုက ပထမပိုင်းမှာ တိုက်စစ်ကို အရမ်းကစားမှုနဲ့အတူ ကြီးမားတဲ့ နေရာလွတ်ချို့ ရှိနေခဲ့တာဖြစ်ပြီး အဲ့ဒီ့ကနေ ဘင်ဖီကာကနေ တန်ပြန်တိုက်စစ်တချို့ ရရှိခဲ့တာပါ။ ဒါပေမယ့် သိပ်ပြီးတော့ အန္တရာယ်မများခဲ့ပါဘူး။

ဒီယက်ဇ်နဲ့ ပြိုင်ဘက်ဟောင်း

ဒီယက်ဇ်ဟာ အိမ်ကွင်းပရိတ်သတ်တွေရဲ့ အချစ်တော်တစ်ယောက် မဟုတ်ပါဘူး။ ပေါ်တို ကစားသမားဟောင်းဟာ ပွဲစလို့ ဘောလုံးရတာနဲ့ လှောင်ပြောင်မှုတွေ၊ ခရာမှုတ်သံတွေ ရရှိခဲ့ပေမယ့် သူက ဒါတွေနဲ့ အသားကျနေပြီးသားဖြစ်ပြီး ဘင်ဖီကာရဲ့ ခံစစ်ကို ဖျက်ဆီးဖို့ ကြိုးပမ်းမှုမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ သူ့ရဲ့ ဖန်တီးမှုက ရိုးရှင်းသေသပ်ပြီး ပြီးပြည့်စုံပါတယ်။

တိုက်စစ်ကစားသမားများစွာက ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့ရတဲ့အခါမျိုးမှာ အမြင့်ဘောဆိုရင်တောင် ကိုယ်တိုင်ပဲ ကန်ကြတာများပါတယ်။ လူးဝစ်ကတော့ အဲ့လိုမဟုတ်ခဲ့ပါဘူး။ တကိုယ်ကောင်း မဆန်မှုနဲ့အတူ ကောင်းမွန်တဲ့ အမြင်၊ ကျွမ်းကျင်မှုတွေနဲ့အတူ ပွဲကို အေးအေးဆေးဆေး ကစားသွားခဲ့ပါတယ်။

သူဟာ ပြိုင်ဘက်ဟောင်းကို ရင်ဆိုင်ချိန်မှာ ဂိုးရဖို့ တကယ်ကို စိတ်အားထက်သန်ပုံ ပေါ်ခဲ့ပြီး တတိယမြောက်ဂိုးကို သွင်းယူဖို့ ဂိုးသမားကို လှည့်စားခဲ့တဲ့အချိန် သူ့ရဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှုနဲ့ ထက်သန်မှုတွေ များစွာကို မြင်တွေ့ခဲ့ရတာပါ။

တောက်ပပေမယ့် အာရုံစူးစိုက်မှု လိုအပ်တဲ့ ကိုနတေး

ထောင့်ကန်ဘောတွေမှာ ဘင်ဖီကာဘက်က ကိုနတေးကို လူကပ်ဖို့ ကြိုးစားခဲ့ပြီး အတော်လေး အသည်းအသန် အားထုတ်နေခဲ့ရပါတယ်။ ဒါပေမယ့် ခံစစ်မှူးက အရပ်ပိုရှည်ပြီး လူကောင် ပိုကြီးမားနေတာပါ။ ကိုနတေးဆီက သိပ်အားကောင်းတဲ့ ခေါင်းတိုက်ချက်နဲ့အတူ အဖွင့်ဂိုးရရှိခဲ့သလို သူဟာ နူးညက် ဦးဆောင်တဲ့ ပြိုင်ဘက် တိုက်စစ်ကို အကောင်းဆုံး ကာကွယ်ပြခဲ့ပါတယ်။

ကိုနတေးဟာ ကောင်းမွန်တဲ့ ပြေးနှုန်း၊ အချိန်ကိုက် ခြေထောက်အသုံးချမှုနဲ့အတူ နူညက်နဲ့ ဂွန်ကာလို ရာမို့စ်ကို အသာစီးရခဲ့ပေမယ့် ဒုတိယပိုင်းမှာ အတင်းအကျပ် အားသုံး ကစားခြင်း၊ အလွယ်တကူ လဲကျခြင်းတွေက ဆိုးရွားတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် ခြေပဂိုးပေးရမှုနဲ့အတူ ကိုနတေးထံက စိုးရိမ်လွန်နေတဲ့ အခိုက်အတန့်တွေ၊ မလိုအပ်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု အနည်းငယ် မြင်တွေ့ခဲ့ရပြီး နောက်ဆုံး မိနစ် ၂၀ လောက်မှာမှ ပြန်ပြီး တည်ငြိမ်သွားခဲ့ပါတယ်။

တစ်ပွဲလုံးမှာ သူ့ရဲ့ ကြီးမားတဲ့ အရည်အသွေးနဲ့ အလားအလာကို မြင်တွေ့ရစေခဲ့သလို လီဗာပူးအသင်း နောက်ခံလူတစ်ယောက်အတွက် တည်ငြိမ်မှု၊ အာရုံစူးစိုက်နိုင်စွမ်းတွေက အတော်လေး အရေးပါတဲ့ ရေသောက်မြစ်တွေ ဖြစ်တယ်ဆိုတာ သူ နားလည်သွားမှာ ဖြစ်ပါတယ်။

ပွဲချိန်တစ်ဝက် အောင်နိုင်ထားခြင်း

ပထမပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး နောက်ထပ် ဂိုးသွင်းခွင့် ဖန်တီးမှု အနည်းငယ်နဲ့အတူ ဒီရာသီမှာ လီဗာပူးရဲ့ အကောင်းဆုံး ပွဲချိန်ဝက်ဖြစ်ခဲ့တယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။ ညာခြမ်းက ထရန့်နဲ့ ကွင်းလယ်က ကိတ်တာတို့ရဲ့ ရူးလောက်တဲ့ ဖန်တီးမှုတွေအတွက် ကလော့ပ် ကျေနပ်နေမှာဖြစ်သလောက် ဒုတိယပိုင်းအစကတော့ နှေးကွေးလေးလံပြီး ပေါ့ပျက်နေခဲ့ပါတယ်။

ကိုနတေးရဲ့အမှား၊ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးရတာတွေက အိမ်ရှင်အသင်းကို တစ်ဂိုး ပြန်ပေးလိုက်ရပြီး သူတို့ကို အရှိန်တချို့ ရရှိစေခဲ့တာပါ။ မိနစ် ၉၀ ကို ခြုံကြည့်လိုက်ရင် ကောင်းမွန်တဲ့ ကစားပုံဖြစ်ခဲ့ပါတယ်။

ဒုတိယအကျော့နဲ့ စီးတီးပွဲ

ဒီလထဲမှာ ဘင်ဖီကာနဲ့နှစ်ကြိမ်၊ မန်စီးတီးနဲ့ နှစ်ကြိမ်ကစားရမယ့်အပြင် ယူနိုက်တက်၊ အဲဗာတန်တို့နဲ့လည်း တွေ့ရပါဦးမယ်။ ဒါပေမယ့် တစ်ပွဲစီကိုပဲ အာရုံစိုက်ကြရမှာပါ။ အခုပွဲရဲ့ ရလဒ်ကတော့ လီဗာပူးကို ဆီမီးဖိုင်နယ်ဆီ ခြေတစ်ဖက် လှမ်းနိုင်စေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့အဆင့်အတန်းကို ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတာ သတိပေးမှုတွေလည်း မြင်ခဲ့ရတယ်။

မန်စီးတီးက ဘင်ဖီကာထက် အများကြီး ပိုခက်ခဲမှာဆိုပေမယ့် ပထမပိုင်း ခြေစွမ်းကို ပိုပြည့်စုံအောင် လုပ်ပြနိုင်ရင် ဖလားတိုက်ပွဲကို ပြောင်းပြန်ဖြစ်သွားအောင်လုပ်ဖို့ လုံလောက်နိုင်ပါတယ်။ ဆာလာထံက အကောင်းမြင်စရာ ခြေစွမ်းလည်း ပြန်မြင်ချင်ပါတယ်။