ဘင်ဖီကာ ပွဲပြီးခါနီး ခေါင်းပေါက်သွားတဲ့ ဖာဘင်ညိုရဲ့ အခြေအနေကို ကလော့ပ် သတင်းပေး

ဘင်ဖီကာနဲ့ ပွဲပြီးခါနီးမှာ ဒဏ်ရာရခဲ့တဲ့ ဖာဘင်ညိုက အဆင်ပြေပါကြောင်း နည်းပြ ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။

ဖာဘင်ညိုဟာ ပြိုင်ဘက် ကစားသမား အော်တာမန်ဒီနဲ့ ထိခိုက်မှုမှာ ခေါင်းပေါက် သွားခဲ့တာဖြစ်တယ်။ ဖာဘင်ညိုက ဂတုံးနဲ့မို့ သွေးထွက်မှုက ပိုများခဲ့တာဖြစ်ပြီး ဒဏ်ရာကို ခပ်မြန်မြန် ချုပ်နေခဲ့ရကာ မိနစ် ၉၀ လောက်မှာ ကွင်းထဲဝင်ဖို့ ကြံ့ကြာနေခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီး ကွင်းလယ်လူရဲ့ အခြေအနေက စိုးရိမ်စရာ မရှိပါဘူးလို့ ကလော့ပ်က ပြောဆိုခဲ့ပြီး ဒဏ်ရာကို ချုပ်ဖို့ အချိန်ယူနေရလို့ ကြာနေခဲ့တာပါလို့ ရှင်းပြခဲ့တယ်။

ကလော့ပ်ကပဲ ” ချုပ်လိုက်ရတယ်။ သူ အဆင်ပြေပါတယ်။ သူ့ခေါင်းနောက်မှာ ဒဏ်ရာကို ချုပ်ခဲ့ရတယ်။ သူမှာ ဆံပင်မရှိတာမို့ သွေးထွက်နေတာကို မထိန်းနိုင်ခဲ့ဘူး။ အဲ့တာကြောင့်ပဲ ဒဏ်ရာကို ကုသဖို့ အချိန်နည်းနည်း ယူခဲ့ရတာပါ။ ဒါပေမယ့် သူ တကယ်ကို အဆင်ပြေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ အလားအလာ ကောင်းနေပေမယ့် ဒုတိယအကျော့ ယှဉ်ပြိုင်ရဦးမှာပါ။ အန်ဖီးကွင်းက ပွဲစဉ်ကို အနိုင်ရမယ်ဆိုရင် ၅ နှစ်အတွင်း တတိယမြောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

နည်းပြကြီးကပဲ “ ပွဲက မပြီးသေးပါဘူး။ ပွဲက ကျနော်တို့ မျှော်လင့်ခဲ့တာထက် နည်းနည်းပိုပြီး ဖွင့်ကစားခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကျနော်တို့ ဂိုးပိုသွင်းလို့ ရနိုင်င်ခဲ့တာကို အားလုံးလည်း သဘောတူကြမယ် ထင်ပါတယ်။ ဘင်ဖီကာရဲ့ အကောင်းဆုံး ကစားသမားက သူတို့ ဂိုးသမားပဲဖြစ်မှာပါ။

အခုက ပွဲချိန် တစ်ဝက်ပဲ ပြီးသေးတယ်လို့ ပြောရမှာပါ။ ကျနော်တို့ နှစ်ဂိုး အသာရနေတာပေါ့။ နှစ်ဂိုး အသာရနေပေမယ့် မလွယ်ကူဘူးဆိုတာ သိပါတယ်။ သူတို့ အန်ဖီးကို လာရဦးမှာမို့ ဒီရလဒ်ကောင်းကို အသုံးချနိုင်ဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။