ထရန့်၊ ဒီယက်စ်၊ ကိုနတေးတို့ ပါဝင်လာနိုင်တဲ့ ဘင်ဖီကာပွဲကြို ပွဲထွက်လူစာရင်း ခန့်မှန်း

လီဗာပူးအသင်းဟာ ဒီညမှာတော့ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကို ၎င်းတို့ အိမ်ကွင်းမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် သွားရောက် ယှဉ်ပြိင်ရမှာဖြစ်ပါတယ်။

ဘင်ဖီကာဟာ ၁၆ သင်းအဆင့်မှာ အေဂျက်ကိုတောင် ဖြုတ်လာခဲ့တာမို့ အထင်သေးလို့ မရပါဘူး။ လီဗာပူးက ဒုတိယအကျော့ ၎င်းတို့ကို အန်ဖီးမှာ ပြန်ဧည့်မခံခင် မန်စီးတီးနဲ့ အဝေးကွင်းပွဲ သွားရောက်ကစားရဖို့ ရှိနေသေးတာကြောင့် လူစာရင်းကို အကောင်းဆုံး စီမံနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

Team News

  • နာဘီ ကိတ်တာ လေ့ကျင့်ရေးပြန်ဝင်ခဲ့ပါတယ်၊ ဘင်ဖီကာပွဲမှာ ပါဖို့တော့ မသေချာပါဘူး။
  • ထရန့်ကတော့ ဒီပွဲမှာ ပွဲထွက်လူစာရင်းကနေ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
  • ခါဘီမှာ နောက်ဆုံးအကြိမ် လေ့ကျင့်ရေးဆင်းခဲ့စဉ် အသင်းသား ၂၈ ဦး ပါဝင်ခဲ့ပြီး လက်ရှိမှာ တစ်သင်းလုံး ဒဏ်ရာပြဿနာ လုံးဝ မရှိထားပါဘူး။

Liverpool XI vs. Benfica

လီဗာပူးလူစာရင်းက အပြည့်အဝ ရွေးချယ်နိုင်ပြီလို့ ယာဂင်ကလော့ပ်က အတည်ပြုမှုနဲ့အတူ ပွဲထွက် ၁၁ ဦးနေရာ စိန်ခေါ်မှုက အတော်လေး ကြီးမားလာပါတယ်။ တိုက်စစ်မှာ အဓိက တိုက်စစ်သမား ၅ ဦးထိရှိပြီး ကွင်းလယ်မှာလည်း အားလုံးကို ရွေးချယ်နိုင်မယ့် အနေအထားပါ။ လက်တလော ခြေစွမ်းနဲ့ ကြံ့ခိုင်မှုကို အခြေခံပြီး ပွဲထွက်လူစာရင်းတစ်ခု လုပ်ဆောင်ဖို့ ရှိပါတယ်။

ဂိုးသမားနေရာ အယ်လီဆန်၊ ဗဟိုခံစစ်အတွဲအဖြစ် ဗန်ဒိုက်၊ ကိုနတေး၊ ဘယ် ညာ အစွန်အဖြစ် ရိုဘိုနဲ့ ထရန့်တို့ ဖြစ်ပါတယ်။ မာတစ်ကိုတော့ ပွဲတွေ ဆက်တိုက် ထုတ်သုံးတာထက် ဒီပွဲကို အနားပေးပြီး မန်စီးတီးပွဲမှ ပြန်လည် ကစားစေမယ်လို့ ယူဆရတယ်။ ချန်ပီယံလိဂ်ပွဲတွေမှာ တောင့်တင်းတဲ့ တိုက်စစ်သမားတွေကို ရင်ဆိုင်ဖို့ ကိုနတေး ပါပါလာတတ်တာ ဖြစ်ပါတယ်။

ကွင်းလယ်မှာတော့ ဖာဘင်ညို ပြန်ပါလာပြီး ဟန်ဒါဆန်၊ သီယာဂိုဖြင့် ပွဲထုတ်မယ်လို့ မျှော်လင့်ရတယ်။ ဒီပွဲမှာ နိုင်ငံတကာပွဲနဲ့ ကလပ်ပွဲတွေ ဆက်နေတဲ့ ဟန်ဒါဆန်ကို အနားပေးပြီး ချိန်ဘာလိန် (သို့) အယ်လီးယော့ကို ထုတ်သုံးတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ကွင်းလယ်မှာက ဂျုံး၊ ကိတ်တာ၊ မီလ်နာတို့ကိုလည်း ရွေးချယ်လို့ ရနိုင်သေးတာပါ။

တိုက်စစ်အတွက်က ဝတ်ဖိုဒ့်ပွဲမှာ နံပါတ် ၉ နေရာက ခြေစွမ်းကောင်းထားတဲ့ ဖာမင်နိုကို အထောင်ထားပြီး ပေါ်တူဂီလိဂ် ကစားသမားဟောင်း ဒီယက်စ်နဲ့ ဆာလာကို တောင်ပံတွေက ပွဲထုတ်ဖွယ် ရှိပါတယ်။ အရန်ခုံမှာ မာနေးနဲ့ ဂျိုတာတို့ ရှိနေခြင်းက လီဗာပူးလူစာရင်း ဘယ်လောက်ထိ တောင့်တင်းသလဲဆိုတာ မြင်သာနေခဲ့ပါပြီ။