ဘင်ဖီကာက ‘မူလလက်ဟောင်း ပေါ်တူဂီ’ စတိုင်နဲ့ ယှဉ်ပြိုင်လာလိမ့်မယ်လို့ လီဗာပူးကို သတိပေး

လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက လီဗာပူးနဲ့ ဘင်ဖီကာတို့ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ခဲ့ကြပြီး ဒုတိယအကျော့ ခြေစွမ်းတွေကြောင့်ပဲ လီဗာပူးက နှစ်ကျော့ပေါင်း ၅-၃ နဲ့ အနိုင်ရခဲ့ပါတယ်။

အဲ့တုန်းက လီဗာပူးအသင်းသားအဖြစ် ကိုယ်တိုင် ဂိုးသွင်းခဲ့သလို ဂိုးထောက်ပံ့မှု လုပ်ခဲ့တဲ့ ဒါ့ကောက်က ပေါ်တူဂီကလပ်တွေဟာ အထင်သေးလို့မရတဲ့ အသင်းတွေဖြစ်ကြောင်း အသင်းဟောင်း လီဗာပူးကို သတိပေးစကား ပြောဆိုပါတယ်။

“ ကျနော်တို့ ပေါ်တူဂီကလပ် အနည်းငယ်နဲ့ ယှဉ်ပြိုင်ကစားဖူးပါတယ်။ အမြဲတမ်း ခက်ခဲခဲ့တယ်။ ဘာလို့လည်းဆိုတော့ ပေါ်တူဂီကလပ်တွေက လိုချင်တာ တစ်ခုတည်းရှိတယ်။ အဲ့တာက ပွဲကို နိုင်ဖို့ပါပဲ ” ဆိုပြီး ၂၀၁၀ တုန်းက လီဗာပူးအသင်းသားအဖြစ် ပေါ်တူဂီကလပ်နဲ့ ယှဉ်ပြိုင်ဖူးတဲ့ ဒါ့ကောက်က သတိပေးပါတယ်။

နယ်သာလန်သားဟာ ဟော်လန်တယ်လီဗေးရှင်း အစီအစဉ်တွေမှာ သုံးသပ်သူအဖြစ် ပါဝင်နေတာပါ။ ဒါကြောင့် ချန်ပီယံလိဂ်မှာ အေဂျက်နဲ့ ဘင်ဖီကာပွဲ မတိုင်ခင် ပေါ်တူဂီကလပ် အကြောင်းကို ကောင်းကောင်းလေ့လာဖူးတဲ့ အတွေ့အကြုံ ရှိထားသူဖြစ်ပါတယ်။

ပေါ်တူဂီကလပ်တွေဟာ ချန်ပီယံလိဂ်ဆုဖလားအတွက် ရေပန်း မစားပေမယ့်လို့ ဖျက်မြင်းအဆင့်မှာတော့ ကြီးကြီးမားမား ဒုက္ခပေးနိုင်တဲ့ အသင်းတွေထဲ ပါပါတယ်။ ဒီရာသီမှာ သိပ်ကို ကောင်းထားတဲ့ အေဂျက်ဟာ ၁၆ သင်းအဆင့်မှာ ဘင်ဖီကာကို အရေးနိမ့်ခဲ့တဲ့ သာဓကလည်း ရှိထားပါတယ်။

“ ပေါ်တူဂီကလပ်တွေအတွက်က ဘယ်လို နိုင်ရမယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးအကြီးဆုံး ပြင်းပြင်းထန်ထန် ကစားပြီး ခံစစ်ကောင်းမွန်တဲ့ အသင်းတွေဖြစ်ပါတယ်။ ဒီပွဲက လွယ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ကျော်ဖြတ်နိုင်အောင် ကြိုးစားရမယ်။ ဒီလီဗာပူးအသင်းက ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဟောလန်က ရုပ်သံ အစီအစဉ်တွေမှာ ချန်ပီယံလိဂ်ပွဲတွေကို နည်းနည်း သုံးသပ်ပေးဖူးတော့ ဘင်ဖီကာကို တော်တော်လေး မြင်ထားရပါတယ်။ သူတို့က အေဂျက်ကို မူလလက်ဟောင်း ပေါ်တူဂီ စတိုင်နဲ့ပဲ အနိုင်ယူခဲ့တာပါ။ သူတို့က နောက်တစ်ဆင့်ကို ကျော်ဖြတ်နိုင်ဖို့ကိုပဲ ဦးတည်တာပါ။

လီဗာပူးက သိပ်ကို သတိကြီးဖို့ လိုပါမယ်။ သူတို့က ဘင်ဖီကာကို အနိုင်ယူနိုင်မယ့် အရည်အချင်း ရှိပါတယ်။ ဒါပေမယ့် လီဗာပူးတို့ အဆင်သင့်ဖြစ်နေဖို့ လိုပါမယ် ” လို့ ဒါကောက်က သတိပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီပွဲအတွက် လူစာရင်းအပြည့်ကို ထုတ်သုံးနိုင်မှာဖြစ်ကာ ဘယ်လို ပွဲထွက်စာရင်းကို ထုတ်လာမလဲကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။