လီဗာပူးကနေ ထွက်ခွာဖို့ တိုက်တွန်းခံရစဉ် စာချုပ်သစ် ချုပ်တော့မှာပါလို့ ပြန်ဖြေခဲ့တဲ့ ဆာလာ

တိုက်စစ်မှူး ဆာလာဟာ လီဗာပူးအသင်းကနေ ထွက်ခွာမှာ မဟုတ်ဘဲ စာချုပ်သစ် ချုပ်ဆိုဖို့ကို စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း အီဂျစ် အားကစားဝန်ကြီးဌာန ဝန်ကြီးက ထုတ်ပြောလိုက်ပါတယ်။

ဝန်ကြီးနဲ့ ဆာလာတို့ဟာ တိုက်စစ်သမား လက်ရွေးစင်အသင်းကနေ ကလပ်အသင်းထံ အပြန်မှာ တွေ့ဆုံခဲ့ကြတာပါ။ ဝန်ကြီးက ဆာလာကို အသင်းပြောင်းဖို့ တိုက်တွန်းခဲ့ချိန်မှာပဲ ဆာလာက သူ လီဗာပူးအသင်းနဲ့ သက်တမ်းတိုးတော့မယ်လို့ ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။

ဝန်ကြီး Ashraf Sobhi က ပြောရာမှာ ‘ ကမ္ဘာဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ ဆီနီဂါပွဲအပြီး လေယာဉ်ကွင်းမှာ ကျနော်နဲ့ ဆာလာတို့ တွေ့ဆုံစကားပြောခဲ့တယ်။ ကျနော်က သူ့ကို ဖြစ်ခဲ့တာတွေ အားလုံးကို မေ့လိုက်ဖို့နဲ့ နောက်လာမယ့် ကိစ္စတွေကိုပဲ အာရုံစိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

လီဗာပူးထက် အခြားသော ကလပ်အသင်းနဲ့အတူ ဘောလုံးသမားဘဝ ခရီးလမ်းကို လျှောက်လမ်းဖို့ ဆာလာကို ကျနော် အကြံပေးခဲ့တယ်။ ဒါပေမယ့်လို့ အခုချိန်မှာ သူက လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိုပဲ ပြင်ဆင်နေပါပြီ။

ဆာာလာကို တိုက်ခိုက်ဖို့ အချို့တွေက လုပ်ဆောင်နေတာမျိုး ရှိပေမယ့် အဲ့တာတွေကို ဂရုစိုက် မနေဖို့ သူ့ကို သတိပေးခဲ့ပါသေးတယ် ‘ ဆိုပြီး ဖော်ထုတ်သွားခဲ့တာဖြစ်ပါတယ်။

ဒီရက်ထဲမှာ ဆာလာ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်လာတဲ့နောက် ယာဂင်ကလော့ပ် ကိုယ်တိုင်ကလည်း ဆာလာ ကိစ္စအတွက် အသင်းနဲ့ ကစားသမား ကိုယ်စားလှယ်တို့ တိုက်ရိုက် ညိနှိုင်းကြပြီလို့ ဝန်ခံခဲ့တယ်။ ကလော့ပ်ကတော့ ဒါက သူလိုချင်တဲ့ အခြေအနေဖြစ်လို့ ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဆာလာအတွက် ပေးမယ့် စာချုပ်သစ်မှာ တစ်ပတ်ကို ပေါင် ၄ သိန်း အထက် ရောက်ရှိမှာဖြစ်ပြီး ၄ နှစ်သက်တမ်း တိုးမယ်လို့ သတင်းထွက်နေတယ်။ ကောလဟာလတွေ သိပ်ထွက်နေတာကြောင့် မကြာခင်မှာ တရားဝင် သတင်းထူးတွေ ကြားသိလာရဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။