ဆာလာ စာချုပ် ကိစ္စ အရေးကြီး ပုဂ္ဂိုလ်တွေ ထိပ်တိုက် ညိနှိုင်းကြပြီလို့ ကလော့ပ် အတည်ပြု

မိုဆာလာရဲ့ စာချုပ်သစ်ကိစ္စအတွက် တကယ့် တာဝန်ရှိသူတွေ ထိပ်တိုက် ညိနှိုင်းနေကြပြီဖြစ်ကြောင်း မန်နေဂျာ ယာဂင်ကလော့ပ်က အတည်ပြုပါတယ်။

ဆာလာရဲ့ စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်မှာဖြစ်ကာ ဒီရက်ပိုင်းမှာပဲ စာချုပ်သစ်အတွက် သဘောတူညီမှု ရတယ်ဆိုပြီး ကောလဟာလတွေ ထွက်နေခဲ့တာပါ။ ကလော့ပ်က သူ့ထံကနေ သတင်းထူး ရစရာ မရှိပါဘူးလို့ ဆိုခဲ့ပေမယ့် စာချုပ်သစ်အတွက် အဓိက အဆုံးအဖြတ်ပေးမယ့်သူတွေ ထိပ်တိုက် ညိနှိုင်းနေပြီလို့ ဆိုခဲ့ပါတယ်။

ဘင်ဖီကာ ပွဲကြိုမှာ ကလော့ပ်ကပဲ ” ကျနော် ပြောစရာ ထွေထွေထူးထူး မရှိပါဘူး။ အဆုံးအဖြတ်ပေးရမယ့် အဖွဲ့တွေက သူတို့ချင်း ထိပ်တိုက် စကားပြောနေပါပြီ။ ဒါကိုပဲ ကျနော် လိုချင်နေတာပါ ” ဆိုပြီး အတည်ပြုပါတယ်။

ကလော့ပ် ဆိုလိုတာက လီဗာပူးအသင်း တာဝန်ရှိသူတွေနဲ့ ဆာလာရဲ့ တာဝန်ရှိသူတွေတို့ ထိပ်တိုက် စကားပြောနေကြပြီလို့ ဆိုလိုတာဖြစ်တယ်။ ဒါဟာ အချိန်ကြာနေတဲ့ ကိစ္စကြီးတစ်ရပ် အမြန်ဆုံး အဖြေပေါ်ရေးအတွက် အကောင်းဆုံးသော ကိစ္စပဲဖြစ်ပါတယ်။

ကုန်ခဲ့တဲ့ ၆ ပွဲမှာ ဆာလာက သွင်းဂိုး ၁ ဂိုးပဲ ရယူထားနိုင်ပြီး တိုက်စစ်သမားရဲ့ ခြေစွမ်း ကျဆင်းနေခြင်းအပေါ် ကလော့ပ်ကတော့ စိုးရိမ်စိတ် မဖြစ်မိပါဘူး။

လီဗာပူးမန်နေဂျာက ” စွမ်းဆောင်ရည် အဆင့်က အရေးကြီးပါတယ်။ အခြားအသင်းတွေကို ရင်ဆိုင်ရာမှာ ခြိမ်းခြောက်မှုတွေကို သူလုပ်ထားနိုင်ပါတယ်။ ရံဖန်ရံခါမှာတော့ ပိုကောင်းတဲ့ နည်းလမ်းကို သူ ဆုံးဖြတ်နိုင်တာတွေ ရှိပါတယ်။

မိုနဲ့ ဆာဒီယိုအတွက် ခက်ခဲတဲ့ ကာလတွေပါ။ အာဖရိက ဖလားလို လက်ရွေးစင်အဆင့် ပြိုင်ပွဲတွေကနေ ပြန်လာရတယ်။ လေ့ကျင့်ရေး နေ့တိုင်းမှာ မို ကစားနေတာကို မြင်ရတဲ့ ကျနော်တို့အတွက်တော့ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပူမိခြင်း မရှိပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။