လီဗာပူးက ချယ်ဆီးထက် ပိုခက်ခဲတဲ့ ပြိုင်ဘက်လို့ ထင်မြင်နေတဲ့ ရီးရဲလ်မက်ဒရစ် အဝတ်လဲခန်း

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ချယ်ဆီးအသင်းကို လက်စားချေဖို့ စိတ်ဆန္ဒ ပြင်းပြနေသလို အခြားသော အင်္ဂလန်ကလပ်နှစ်သင်းဖြစ်တဲ့ လီဗာပူး၊ မန်စီးတီးတို့နဲ့ ထိပ်တိုက်မတွေ့တာအတွက် ကျေနပ်နေတယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် ကွာတားအဆင့် မဲခွဲမှုမှာတော့ တစ်နိုင်ငံတည်း ကလပ်၊ အုပ်စုတွင်း ပြိုင်ဘက်ဆိုပြီး ကန့်သတ်ချက်တွေ မရှိတော့ပါဘူး။ မဲခွဲမှုမှာ လီဗာပူးက ပေါ်တူဂီကလပ် ဘင်ဖီကာနဲ့ အတွဲကျခဲ့ပြီး လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က အင်္ဂလန်ကလပ် ချယ်ဆီးနဲ့ အတွဲကျခဲ့တာဖြစ်ပါတယ်။ နောက်ထပ် အင်္ဂလန်ကလပ် မန်စီးတီးကတော့ လာလီဂါကလပ် အေတီကိုနဲ့ ယှဉ်ပြိုင်ရပါမယ်။

ရီးရဲလ်မက်ဒရစ် အဝတ်လဲခန်းကတော့ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ချယ်ဆီးထက် ပိုရင်ဆိုင်ရ ခက်ခဲတဲ့ ပြိုင်ဘက်တွေအဖြစ် မြင်ထားပါတယ်လို့ မက်ဒရစ်ကလပ်ရဲ့ အတွင်းလူက The Athletic ကို ပြောပြခဲ့ပါတယ်။ ဒါကြောင့်ပဲ အင်္ဂလန် ၃ သင်းထဲက ချယ်ဆီးအသင်းနဲ့ အတွဲကျတာကို ရီးရဲလ်မက်ဒရစ်က ကျေနပ်နေပါတယ်။

မနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးအသင်းကို အနိုင်ယူပြီး ဆီမီးအဆင့်မှာ ချယ်ဆီးကို အရေးနိမ့်ခဲ့တာပါ။ ဒါပေမယ့် ဒီရာသီမှာတော့ ယာဂင်ကလော့ပ် ဦးဆောင်တဲ့ အသင်းဟာ ပိုခက်ခဲတဲ့ ပြိုင်ဘက်လို့ ၎င်းတို့ဘက်က မြင်ထားသလို ချယ်ဆီးနဲ့ တွေ့ခဲ့တာအတွက် လက်စားချေဖို့ရော ပိုသက်သာတဲ့ ပြိုင်ဘက်ကို ရလိုက်ခြင်းလို့ပါ လာလီဂါကလပ်က ယုံကြည်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကွာတားဖိုင်နယ်မှာ ချယ်ဆီးကို အနိုင်ရမယ်ဆိုရင် ဆီးမီးအဆင့်မှာ မန်စီးတီး (သို့) အက်သလက်တီကိုအသင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ဒီရာသီမှာ ထိပ်တိုက်တွေ့ဖို့ဆိုရင် နှစ်သင်းလုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့် ရောက်လာဖို့ လိုအပ်မှာဖြစ်ပါတယ်။

လီဗာပူးအသင်းက ကွာတားဖိုင်နယ်မှာ ဘင်ဖီကာကို ရင်ဆိုင်ရမှာဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ဗီလာရီးရဲလ်အတွဲမှာ အနိုင်ရလာမယ့် အသင်းကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။