လီဗာပူးအသင်းထံက ခံစားမိနေတဲ့ ချန်ပီယံ အငွေ့အသက်တွေကို ဖော်ထုတ်သွားတဲ့ ဂယ်ရီနဗီး

လီဗာပူးရဲ့ နိုင်ပွဲတွေဟာ ဖလားအောင်မြင်မယ့် စွမ်းဆောင်ရည်ဆိုတာ ပြသနေခဲ့တာဖြစ်ပြီး အသင်းအင်အား တောင့်တင်းလာတာ အပါအဝင် တခြားအကြောင်းကိစ္စများစွာမှာ လီဗာပူးထံက ချန်ပီယံ အငွေ့အသက်တွေရနေတယ်လို့ နဗီးက ဆိုပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်က အစွမ်းပြချိန်မှာ သွင်းဂိုးများစွာနဲ့ နိုင်ပွဲရယူနိုင်ပေမယ့် တိုက်စစ်က ရုန်းကန်နေရချိန်မှာလည်း တောင့်တင်းတဲ့ ခံစစ်ကြောင့် အသင်းသားတွေကို စိတ်သက်သာရာ ရစေတယ်။ အဓိက တိုက်စစ်သမား ၅ ဦးမှာ တစ်ဦးမဟုတ် တစ်ဦးက သွင်းဂိုးအတွက် လုပ်ပြနိုင်မှုနဲ့အတူ နိုင်ပွဲတွေကို ရယူထားနိုင်တာဖြစ်ပါတယ်။

တိုက်စစ်ထူးချွန်မှု၊ ခံစစ်နဲ့ ဂိုးသမားတို့ ထူးချွန်မှုအပြင် လီဗာပူးရဲ့ ကွင်းလယ်ကလည်း လူတွေ ပြောသလို အားနည်းချက် မဟုတ်လှဘဲ တိုက်စစ် ခံစစ်အတွက် အကောင်းဆုံး လုပ်ပေးနိုင်သူတွေလို့ စကိုင်းစပေါ့ သုံးသပ်သူ ဂယ်ရီနဗီးက ထုတ်ပြောခဲ့ပါတယ်။

“ အကောင်းဆုံး ဖလားအောင်မြင်နိုင်တဲ့ စွမ်းဆောင်ရည်ပဲ။ မကြာခင်မှာ လီဗာပူးက မန်စီးတီး အပါအဝင် တခြားပြိုင်ဘက်တွေနဲ့ တိုက်ပွဲဝင်ရတော့မယ်။ မင်း ကောင်းကောင်း မကစားတဲ့အချိန်၊ တခြားအသင်းက ကောင်းကောင်းကစားနေတဲ့ အချိန်မှာ ပွဲတစ်ပွဲရဲ့ ခက်ခဲတဲ့ ပထမပိုင်းကို ကျော်ဖြတ်ရတယ်။

ပထမပိုင်းပြီးတဲ့ အချိန်မှာ နည်းပြထံကနေ ဆူတာခံရနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြစ်တောင် တင်မိကြနိုင်တယ်။ အဲ့ဒီ့နောက် ကွင်းထဲ စောစောထွက်လာပြီး စည်းချက်ညီညီ ကစားပြရမယ်။ ဒါက လီဗာပူး လုပ်နေတဲ့အရာပါ။ သူတို့က အဲ့လိုလုပ်တဲ့အပြင် ပွဲကို လှလှပပ ပြောင်းလဲပစ်နိုင်တယ်။

သူတို့တွေ ဂိုးမသွင်းခင်မှာ ဂိုသမားက ကမ္ဘာ့အဆင့် ကာကွယ်မှုတွေ လုပ်နိုင်တယ်။ ကျွန်တော် ကစားခဲ့တဲ့ အချိန်တွေတုန်းက ရှမိုက်ကယ် ဒါမှမဟုတ် ဗန်ဒါဆားရဲ့ ကာကွယ်မှုကြောင့် သက်သာရာ ရခဲ့တဲ့အချိန်တွေမှာ ‘ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကာကွယ်မှုလဲ’ဆိုပြီး တွေးမိတယ်။ ရာသီကုန်ရင်တော့ သူတို့ကို သိပ်သတိမရတော့ဘူး။ မေ့ထားကြတယ်။

ဒါပေမယ့် ဂိုးသမားတွေက အရေးပါတဲ့သူတွေပါ။ ကစားသမားတွေက သူတို့ကို မမေ့ဘူး။ နည်းပြတွေက သူတို့ကို မမေ့ဘူး။ ပြိုင်ဘက်တွေ အခွင့်အရေး ရခဲ့တဲ့အချိန်မှာ အယ်လစ်ဆန်ရဲ့ အားပြင်းတဲ့ လက်တစုံက အကာအကွယ် ဖြစ်စေခဲ့တာပါ။

လီဗာပူးက ဖလားအောင်မြင်နိုင်တဲ့ အသင်းတစ်သင်းလိုမျိုး အရာအားလုံး ရှိပါတယ်။ ဒီယက်ဇ်၊ ဂျိုတာတို့က ထူးချွန်တဲ့အပြင် ဖာမင်နို၊ မာနေး၊ ဆာလာတို့က ပွဲအပေါ်အများကြီး သက်ရောက်မှု ပေးနိုင်တယ်။ ဒါက ဖလားအောင်မြင်နိုင်တဲ့ အသင်းတစ်သင်းရဲ့ အင်အားမျိုးပဲ။ ဒါပေမယ့် စီးတီးလို မယုံနိုင်စရာ ကောင်းလှတဲ့ အသင်းရှိနေတာကြောင့် သူတို့ ဖလားမရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မင်းက လီဗာပူးဆိုရင် နောက်ဆုံး ၈ ပွဲကို ယုံကြည်မှုရှိရှိနဲ့ ကစားနိုင်လိမ့်မယ်။ မင်းက ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင်နေတယ်။ ကာရာဘောင်းဖလား ရခဲ့တယ်။ ဘယ်ပွဲမဆို အနိုင်ယူနိုင်တဲ့ တိုက်စစ်သမား ၅ယောက်ရှိတယ်။ သိပ်တော်တဲ့ နောက်တန်းလေးယောက်နဲ့ ဂိုးသမားရှိတယ်။ သီယေဂို၊ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ရဲ့ ကွင်းလယ် အတွ့အကြုံက ကြီးမားပါတယ်။

လူတွေက လီဗာပူးကွင်းလယ်က သူတို့ရဲ့ အားနည်းချက်လို့ ပြောကြတယ်။ တကယ်တမ်းမှာ လီဗာပူးကွင်းလယ်က သူတို့ရဲ့ အားသာချက်ပါပဲ။ ဖာဘင်ညို၊ ဟန်ဒါဆန်၊ သီယေဂိုတို့ရဲ့ စည်းစနစ်ရှိမှုနဲ့အတူ သူတို့က အားလုံးကို အတူတကွ ကိုင်တွယ်နိုင်ကြတယ်။

ဒါတွေကြောင့်ပဲ လီဗာပူးက ဖလားအောင်မြင်နိုင်တယ်လို့ ကျွန်တော် ပထမဆုံးအကြိမ် တွေးလာမိတာပဲ။ လီဗာပူးအသင်းက ဖလားရခဲ့ရင် ကျွန်တော် အံ့ဩမိမှာ မဟုတ်ဘူး ” လို့နဗီးက ဆိုခဲ့တာဖြစ်ပါတယ်။