ဘော်ဘီနေရာ အစားထိုးစရာ တိုက်စစ်မှူး ရထားပြီလို့ ယာဂင် အရိပ်အမြွက် ထုတ်ပြော

လီဗာပူးအသင်းမှာ နံပါတ် ၉ နေရာ အဓိက ကစားပေးနိုင်သူ နည်းပါးနေခဲ့ချိန်မှာပဲ ဘော်ဘီနေရာ အစားဝင်မယ့် တိုက်စစ်မှူးက ပေါ်ထွက်လာခဲ့ပြီလို့ ကလော့ပ်က ပြောဆိုပါတယ်။

လက်တလော ဘော်ဘီ မကစားနိုင်ချိန်မှာ မာနေးကလည်း နံပါတ် ၉ နေရာ ကစားပေးခဲ့ပေမယ့် ဒီနေရာအတွက် အံဝင်တဲ့ အသင်းသားက ဂျိုတာပဲဖြစ်တယ်လို့ ကလော့ပ်က ဆိုပါတယ်။ ဂျိုတာကို ဘယ်တောင်ပံမှာလည်း အသုံးပြုနေပေမယ့် သူ့ရဲ့ အဓိက နေရာက တိုက်စစ်မှူးနေရာပဲဖြစ်ပြီး ဒီနေရာမှာ ကမ္ဘာအဆင့်ခြေစွမ်းကို တိုးတက်လာနေတယ်လို့ ကလော့ပ်က ထောက်ပြခဲ့တယ်။

ဝတ်ဖိုဒ့်ပွဲမှာ သွင်းဂိုး ရယူပြီးတဲ့နောက် ဂျိုတာဟာ ဒီရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဆာလာရဲ့ သွင်းဂိုး ၂၀ ပြီးနောက် သွင်းဂိုး ၁၄ ဂိုးနဲ့ ဒုတိယသွင်းဂိုး အများဆုံး တိုက်စစ်သမားအဖြစ်လည်း ရပ်တည်နေခဲ့ပါပြ

ယာဂင်က ပြောရာမှာ “ ဒီယေဂိုက တောင်ပံသမား စစ်စစ်တစ်ဦး မဟုတ်ဘူးဆိုတာ အမြဲတမ်း ရှင်းပါတယ်။ ဒီယေဂိုက တောင်ပံနေရာတွေကို ခုခံနိုင်တဲ့ တောင်ပံနှစ်ဘက်လုံးမှာ ကစားနိုင်တဲ့ တိုက်စစ်သမားတစ်ယောက်ဖြစ်ပါတယ်။

တိုက်စစ်ပိုင်း ၃ နေရာလုံးမှာ သူကောင်းကောင်း ကစားနိုင်တာ သိပ်ကောင်းပါတယ်။ သူက နေရာတိုင်းမှာ အကောင်းဆုံး ကစားနိုင်ပါတယ်။ ကိုယ်ရဲ့ နေရာ မဟုတ်တာတောင် ကောင်လေးတွေ အကောင်းဆုံး ကစားနိုင်တာက အမြဲတမ်း အရေးကြီးပါတယ်။ ဒါကပဲ ကျနော်တို့ ရုန်းကန်ရပြီး အနည်းငယ် ငြိမ်သက်နေရတဲ့ အခြေအနေတွေကို သူတို့ အဆုံးသတ်ပေးနိုင်စွမ်း ရှိပါတယ်။

ဒါက လိုက်လျောညီထွေရှိတဲ့ အခြေအနေဖြစ်ပါတယ်။ တိုက်စစ်ကို လိုက်ပါချိန်မှာ ဂိုးမက်စ်က ဘောလုံးရပြီး ဖြတ်တင်ဘော လုပ်ပေးခဲ့တယ်။ အကယ်လို့ ဧရိယာထဲမှာ ဘယ်သူမှ မရှိဘူးဆိုရင် ဖြတ်တင်ဘောလောက်နဲ့ ပြီးသွားမှာဖြစ်ပေမယ့် အခုက သိပ်ကောင်းတဲ့ဂိုး ဖြစ်သွားခဲ့ပါတယ်။

ဒီယေဂိုက အဲ့လို တိုက်စစ်သမား အမြဲဖြစ်ခဲ့တာပါ။ အမြဲတမ်း သူရှိနေမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒါကို ကျနော် နှစ်ကြိမ်လောက် ပြောဖူးပါတယ်။ ဝုဗ်မှာ သူက ခြားနားတဲ့ အလုပ်တွေ လုပ်နေခဲ့တယ်။ အဲ့တာတွေက အရမ်းကောင်းတော့ ကျနော်တို့ သူ့ကို လိုချင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးကို ရောက်လာပြီးနောက်မှာ သူက အရမ်း တိုးတက်လာခဲ့တယ်။ သူအသက် ပိုရလာပြီး ထိပ်ဆုံးအဆင့်တွေကို တိုးတက်လာတယ်။ သူက ကမ္ဘာအဆင့် တိုက်စစ်သမားနေရာကို တစ်လှမ်းချင်း လှမ်းလာနေပါတယ်။

သူဟာ ပေါ်တူဂီအတွက်လည်း ဂိုးတွေ သွင်းပေးနေပြီး အတော်လေး တည်ငြိမ်တဲ့ ခြေစွမ်းရှိသူဖြစ်ပါတယ်။ တိုက်စစ်ပိုင်း အရည်အချင်းရှိသူတိုင်း သူ့လို တည်ငြိမ်စွာ စွမ်းဆောင်ပြဖို့က မလွယ်ပါဘူး။ ဒီတော့ သူက ကျနော်တို့ မျှော်လင့်ထားတဲ့ ကစားသမားမျိုး ဖြစ်လာနေသလို ပိုတောင်မှ ကောင်းလာနေပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။