လီဗာပူးရဲ့ ဆုဖလား မျှော်လင့်ခွင့်ဟာ အယ်လီကြောင့် ဆက်လက် ရှင်သန်နေခြင်း ဖြစ်ပါတယ်

၂၀၂၂ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ အယ်လီဆန်ဟာ ပေးဂိုး ၄ ဂိုးပဲ ရှိထားပါတယ်။ သူဟာ လီဗာပူးဂိုးပေါက်ရဲ့ ကာကွယ်သူ၊ ဧရိယာအတွင်း ဟန့်တားသူနဲ့ ခံစစ်အတွက် ဘောလုံးဖြန့်ဝေသူအဖြစ် တောက်ပနေပါတယ်။

ပရီးမီးယားလိဂ်မှာ ဂိုးသမား အီဒါဆန်ရဲ့ မန်စီးတီး အသင်း တစ်သင်းထဲ ခံစစ်ပေးဂိုး ၁၈ ဂိုးနဲ့အတူ အယ်လီဆန်နဲ့ လီဗာပူးအသင်း လုပ်ထားနိုင်တဲ့ ခံစစ်ပေးဂိုး ၂၀ ဂိုးဆိုတဲ့ မှတ်တမ်းထက် ပိုကောင်းတာဖြစ်တယ်။ အခုဆိုရင် ဒီဘရာဇီး ဂိုးသမားနှစ်ဦးကို ကျော်ဖြတ်ပြီး ဂိုးရခြင်းဟာ တိုက်စစ်သမားအတွက် အံ့မခန်းတဲ့ အခိုက်အတန့်တောင် ဖြစ်လာနေပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၁၀ ပွဲဆက်တိုက် အနိုင်ရခဲ့ပေမယ့် ဒီပွဲတွေအထဲ အယ်လီဆန်ရဲ့ ထူးချွန်တဲ့ ကာကွယ်မှုတွေ များစွာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အယ်လီဆန်ဟာ ကစားပွဲတွေ အပြောင်းအလဲဖြစ်စေဖို့ ခံစစ်ကနေ ထောက်ပံ့မှုတွေမှာလည်း အကြိမ်ကြိမ် ပါဝင်နေတာဖြစ်တယ်။

ဝတ်ဖိုဒ့်နဲ့ပွဲမှာဆိုရင် ပွဲစဉ်က ဝ-၀ ဖြစ်နေချိန် ပြိုင်ဘက်ကစားသမား Kucka ဟာ ဗန်ဒိုက်တို့ရဲ့ ခံစစ်ကြောင်းကို ဖောက်ထွက်ခဲ့ပြီး အယ်လီဆန် တစ်ဦးတည်းကို ကျော်ဖြတ်ဖို့ လိုခဲ့ချိန်မှာ သူ့ရဲ့ အဆုံးသတ်မှုဟာ အန်ဖီးဂိုးသမားရဲ့ ကာကွယ်မှုအောက်မှာ ပျက်ယွင်းသွားခဲ့ရတယ်။ မိနစ်ပိုင်းအကြာမှာတော့ ဂျိုတာ ခေါင်းတိုက်ဘောကနေ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဝတ်ဖိုဒ့်က အခွင့်အရေးကောင်းတွေ ရခဲ့ကာ ဆာ ဖန်တီပေးမှု သိပ်ကောင်းပေမယ့် ပီဒရိုက အခွင့်အရေးကောင်းကို လွဲချော်ခဲ့တယ်။ အဆိုပါ အခိုက်အတန့်မှာလည်း ပီဒရိုဟာ အယ်လီဆန်ရဲ့ အနေအထားကြောင့် အချိန်ယူပြီး သက်သောင့်သက်သာ မကန်သွင်းနိုင်ခဲ့ဘဲ ခပ်လောလော ကန်ခဲ့ရတာကို မြင်ရပါမယ်။

အာဆင်နယ်ကို အမ်းမရိတ်မှာ အနိုင်ရတုန်းကလည်း အိုဒီဂတ်ရဲ့ ပွဲချိန် ၅၁ မိနစ်က အဆုံးသတ်မှုကို အယ်လီဆန်က ပိုင်ပိုင်နိုင်နိုင် ကာကွယ်ပေးခဲ့တာပါ။ အိုဒီဂတ်ရဲ့ ကန်ချက်ကို အယ်လီဆန် ကာကွယ်ပြီး ၃ မိနစ်အကြာမှာမှ ဂျိုတာက ဒုတိယမြောက် အနိုင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မတ်လမှာပဲ မိုယက်စ်ရဲ့ ဝက်ဟမ်းက လီဗာပူးကို အနိုင်ပါရသွားလောက်တဲ့ ဖန်တီးမှုတွေ လုပ်ခဲ့ပေမယ့် ဖော်နယ်၊ လန်ဇီနီတို့ဟာ အယ်လီဆန်ရဲ့ ကာကွယ်မှုတွေအောက်မှာ ဂိုးပေါက် ရှာမရခဲ့ပါဘူး။ အယ်လီဆန်ဟာ လီဗာပူးအသင်းခံစစ်ကို ကာကွယ်ပြီး အသင်းနိုင်ပွဲတွေကို ထိထိမိမိ ကာကွယ်ပေးနိုင်နေခဲ့ပါတယ်။

ကျဉ်းမြောင်းတဲ့ နိုင်ပွဲတွေအကြောင်း ပြောမယ်ဆိုရင် ဖေဖော်ဝါရီလတုန်းက ဘန်လေကို ၁-၀ အနိုင်ရမှုမှာ Weghorst နဲ့ ရိုဒရီဂွက်စ်တို့ကို အယ်လီဆန် တားဆီးပြခဲ့မှု၊ ဇန်နဝါရီမှာ အိုလီဆီနဲ့ ဂျန်ဖီးလစ်တို့ရဲ့ ပဲလေစ့်ကို ၃-၁ အနိုင်ရခဲ့စဉ် သူရဲ့ ကာကွယ်ပြမှုတွေကလည်း မေ့ထားလို့ မရပါဘူး။

တကယ်တမ်းမှာတော့ လီဗာပူးအသင်းဟာ အယ်လီဆန်ရဲ့ ကာကွယ်မှုတွေကြောင့် ရမှတ်တွေ အပြည့်ရဖို့ကို ဆက်လုပ်နိုင်ခဲ့တာ ကာလ အတော်ကြာလာခဲ့ပါပြီ။ လာမယ့်အပတ် အီသီဟက်မှာ အယ်လီဆန်၊ ဗန်ဒိုက်၊ ဖာဘင်ညိုတို့ရဲ့ တွဲဘက်မှုဟာ လီဗာပူးခံစစ်ကို အခုလိုပဲ အကူအညီပေးနိုင်မယ်ဆိုရင် မန်ချက်စတာကနေ ရလဒ်ကောင်းနဲ့ ပြန်လာဖို့ ပိုပြီး အခွင့်အရေး များစေမှာဖြစ်တယ်။

မန်စီးတီးမှာလည်း သိပ်ကောင်းတဲ့ အီဒါဆန် ရှိနေတယ်ဆိုပေမယ့် ဘရာဇီး ဂိုးသမား နှစ်ဦးကြားက ရွှေလက်အိတ် တိုက်ပွဲမှာ အနိုင်သူဟာ ဘရာဇီးလက်ရွေးစင်မှာပါ သက်ရောက်မှု ရှိကောင်းရှိလာနိုင်လို့ အယ်လီဆန်ထံက ပိုမို တည်ငြိမ်တဲ့ လက်စွမ်း မြင်ရဖို့တော့ မျှော်လင်နေကြမှာ ဖြစ်ပါတယ်။