ချီးကျူးမှုတွေ ရသင့်တဲ့ အသင်းသား နှစ်ဦးကို မမေ့ဘဲ မှတ်ချက်ကောင်းတွေ ပေးခဲ့တဲ့ ယာဂင်

လီဗာပူးဟာ ဇန်နဝါရီ လလယ်မှာ မန်စီးတီးနဲ့ ၁၄ မှတ် ကွာဟနေခဲ့ပေမယ့် ၁၀ ပွဲဆက် အနိုင်ရရှိမှုကြောင့် ပက်ဂွာဒီယိုလာရဲ့ အသင်းနဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။

ဝက်ဖို့ဒ်ကို အနိုင်ရတဲ့ပွဲမှာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပေမယ့် ဂျိုတာရဲ့ ခေါင်းတိုက်ဂိုး၊ ဖာဘင်ညိုရဲ့ ပင်နယ်တီတို့နဲ့အတူ တန်းဆင်းဇုန်တိုက်ပွဲထဲက ကလပ်ကို ပုံမှန်အတိုင်း အနိုင်ယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲအပြီး မန်နေဂျာ ယာဂင်ကလော့ပ်က ဒီယိုဂို ဂျိုတာနဲ့ ဂျိုးဂိုမက်စ်တို့ကို အထူးချီးကျူးခဲ့ပါတယ်။

“ ဒါက မှန်ကန်တဲ့ အချိန်တွေမှာ ကောင်းကောင်းလုပ်ပြနိုင်ခဲ့တာပဲလို့ ကျွန်တော်ထင်တယ်။ ပထမဂိုးက တကယ်ကို ကောင်းပါတယ်။ ဝက်ဖို့ဒ်နဲ့ ရွိုင်ကို ချီးကျူးရမယ်။ ရွိုင်ဟော့ဆန်က အသင်းကို ကောင်းကောင်းစုစည်းနိုင်ပါတယ်။ ခက်ခဲအောင်လုပ်ဖို့ ဘယ်နေရာကို သူရွေးချယ်ဖို့ လိုအပ်ခဲ့လဲဆိုတာ သိခဲ့ပါတယ်။

ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် ၂ ပတ်ကြာ အတူမရှိခဲ့ဘဲနဲ့ အစောပိုင်းပွဲ ကန်ရတာက ခက်ခဲပါတယ်။ ဒါပေမယ့် အသင်းတိုင်းမှာ ဒီလိုပြဿနာတွေ ရှိတာပါပဲ။ နိုင်ငံတကာ သီတင်းပတ်အပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကို မြင်တွေ့ရဖို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့က အရမ်း ရင့်ကျက်ခဲ့ပြီး ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ် ” လို့ ကလော့ပ်က ဆိုပါတယ်။

ဂိုမက်ဟာ ဒီရာသီ သူ့ရဲ့ ဒုတိယမြောက် လိဂ်ပွဲထွက်ခွင့်မှာ ဖန်တီးမှုတစ်ကြိမ် လုပ်ခဲ့တာနဲ့ ပ တ်သက်ပြီး ကလော့ပ် “ သူက ထိပ်တန်းပါပဲ။ သူက ဂိုးတစ်ဂိုး ဖန်တီးပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးရလောက်တဲ့ နောက်ထပ် ဖြတ်တင်ပေးပို့မှုတစ်ခု လုပ်ခဲ့ပါတယ်။

ထရန့်ကို ဘယ်လိုလုပ် အစားထိုးနိုင်မလဲ။ ထရန့်လို ကစားဖို့ ဂိုးမက်စ်ကို ကျွန်တော် မတောင်းဆိုခဲ့ပါဘူး။ ဂျိုးဂိုမက်စ်လိုပဲ ကစားခိုင်းခဲ့တာပါ။ သူက ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ။ သူ့အနေနဲ့ ရာသီကုန်အထိ နောက်ထပ်ပွဲတွေ ထပ်ကစားခွင့် ရပါလိမ့်မယ်။

ဂျိုတာကလည်း ထိပ်တန်းအဆင့်ပါပဲ။ သူက တကယ်ကို အဆုံးအဖြတ် ပေးနိုင်ခဲ့ပါတယ်။ သိပ်ကောင်းတဲ့ ဖြတ်တင်ပေးပို့မှု၊ သိပ်ကောင်းတဲ့ ခေါင်းတိုက်ဂိုးပဲ ” ဆိုပြီး ချီးကျူးသွားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ပွဲအဖြစ် ဘင်ဖီကာနဲ့ ကစားရမှာဖြစ်တယ်။ အိမ်ကွင်းမှာ ဒုတိယအကျော့ ပြန်ဧည့်မခံရင် အီသီဟက်ကို သွားကာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။