အသင်းတိုင်းရဲ့ အိပ်မက် အရန်ခုံတန်း၊ ဘင်ဖီကာ၊ ဆာလာနဲ့ ဝတ်ဖိုဒ့်နိုင်ပွဲအပြီး စကားစမြည်း ပြောစရာများ

အသင်းတိုင်းရဲ့ အိမ်မက် အရံခုံတန်း

ကယ်လယ်ဟာ၊ ထရန့်၊ ကိုနတေး၊ ဆီမီကက်စ်၊ ဖာဘင်ညို၊ ချိန်ဘာလိန်၊ ဒီယက်ဇ်နဲ့ မာနေးတို့က အရံခုံမှာပါ။ သူတို့ဟာ ဝက်ဖို့ဒ်နဲ့ပွဲမှာ ပွဲထွက်စာရင်းထဲ ပါဝင်ခွင့်ရဖို့ ထိုက်တန်သူတွေဖြစ်ပေမယ့် အရံခုံ ထိုင်ခဲ့ရပြီး အတွေ့အကြုံပြည့်ဝတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ၊ တခြားသော အသင်းဖော်တွေက ကွင်းထဲမှာ ကစားခွင့်ရခဲ့ပါတယ်။

လူစာရင်းထဲ လုံးဝ မပါဝင်ခဲ့သူတွေကတော့ အိုရီဂီ၊ မီနာမီနိုနဲ့ အယ်လီယော့တို့ဖြစ်ပြီး အယ်လီးယော့ဟာ ယူ-၂၃ အသင်းနဲ့အတူ ရှိနေတာ ဖြစ်ပါတယ်။ လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်သမား၊ ထာဝရ ထိပ်တန်းတောင်ပံကစားသမား၊ စွယ်စုံရ မီလ်နာတို့ မပါနိုင်တာက ခြေစွမ်း ဆိုးရွားနေလို့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ အနိုင်ရခဲ့ပါတယ်။

လှပတဲ့ပွဲ

ပထမပိုင်းက လီဗာပူးအတွက် အဆင်ပြေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုများစွာ၊ အခွင့်အရေး အနည်းငယ်ကို ဖန်တီးခဲ့သလို ဝက်ဖို့ဒ်ရဲ့ တန်ပြန်တိုက်စစ် အနည်းငယ်နဲ့ ထောင့်ကန်ဘော တစ်ကြိမ်ကို ရင်ဆိုင်ခဲ့ရပါတယ်။

ပထမပိုင်းမှာ သွင်းဂိုးတစ်ဂိုး ရခဲ့တာကို မေ့ထားလို့ မရပါဘူး။ အယ်လစ်ဆန်ဟာ အဖွင့်ဂိုး မတိုင်ခင် တစ်ဦးချင်း ရင်ဆိုင်မှုကနေ အရေးပါတဲ့ ကာကွယ်ပိတ်ဆို့မှုတစ်ခု လုပ်ခဲ့ပြီး သူ့ရဲ့ ဘောလုံးဖြန့်ဝေပေးမှုကလည်း လျင်မြန်တဲ့ တိုက်စစ်ဆင်မှုတွေအတွက် အဓိက ကျခဲ့ပါတယ်။

ဒီပွဲမှာ သီယာဂိုက လုံးဝ မယုံနိုင်စရာ ကောင်းခဲ့တာပါ။ သူ့ရဲ့ ဘောလုံးထိချက်တွေနဲ့ အားကောင်းတဲ့ ပေးပို့မှုတွေကို ကွင်းထဲက ဘယ်သူကမှ လိုက်မမီခဲ့တဲ့အပြင် ဘောလုံး လုယူနိုင်စွမ်းနဲ့ အန္တရာယ်ရှိတဲ့ နေရာတွေကို တိုက်စစ်ပံ့ပိုးနိုင်စွမ်းတွေက လက်ဖျားခါရလောက်စရာပါ။ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားပါပဲ။

နံပါတ် ၉ နေရာကနေ တိုက်စစ်ကို ဦးဆောင်တဲ့ ဖာမင်နိုကလည်း ထူးချွန်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ပြန်ရဖို့ အကြိမ်များစွာ ကြိုးပမ်းခဲ့ကာ တွန်းတွန်းတိုက်တိုက် စိန်ခေါ်မှုတွေကို ရှောင်လွှဲပြီး နေရာလွတ်ရှာဖွေနိုင်တဲ့ သူ့ရဲ့ ထိပ်တန်းနည်းစနစ်ကို ပြသခဲ့ပါတယ်။

ဒီယိုဂိုဂျိုတာကတော့ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာပါ။ နောက်ပိုင်းမှာ အရံခုံကနေ ထလာတဲ့ ဖာဘင်ညိုဟာ နောက်ကျပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲသွင်းယူခဲ့ပါတယ်။

ဆူညံသံတွေ လိုချင်ခဲ့တဲ့ ကလော့ပ်

အသင်းရဲ့ ဆုဖလား ရည်မှန်းချက်တွေအတွက် အရေးပါခဲ့တဲ့ ဒီပွဲအတွက် တတ်နိုင်သမျှ အဆူညံဆုံး ပတ်ဝန်းကျင်ကို မြင်တွေ့ရဖို့ လိုအပ်တယ်လို့ ပွဲကြိုမှာ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ သီတင်းပတ်အပြီး ပထမဆုံးပွဲဖြစ်သလို ပြိုင်ဘက်က တန်းဆင်းဇုန်တိုက်ပွဲကြောင့် အကောင်းမြင်စရာ ရလဒ်တစ်ခုကို အသည်းအသန် လိုအပ်နေတာပါ။ လီဗာပူးအတွက်က ဒီပွဲနိုင်မှ ဇယားထိပ်တက်ရမယ်ဆိုတဲ့ ဖိအား ရှိနေခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပွဲများစွာအတွက် အန်ဖီးဟာ ဒီလောက်ထိ ဆူညံပွက်လောက်ရိုက်နေတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် နည်းပြက တောင်းဆိုလာချိန်မှာ ပရိသတ်တွေဘက်က အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တိတ်ဆိတ်မှုတွေ ရှိခဲ့ပေမယ့် ပရိသတ်ထုကြီးဟာ တက်ညီလက်ညီနဲ့ အရှိန်အဟုန်ကို မြှင့်တင်ခဲ့ကြပြီး လီဗာပူးကို နိုင်ပွဲအတွက် တွန်းအားပေးခဲ့ပါတယ်။

ညာတောင်ပံက အပြောင်းအလဲ

ပထမရာသီဝက်မှာ လီဗာပူးရဲ့ ညာတောင်ပံက ထိန်းချုပ်လို့ မရခဲ့ပါဘူး။ ဒီပွဲမှာ အသင့်တင့် ကောင်းမွန်ခဲ့ပေမယ့် မိုဆာလာရဲ့ပုံစံက သူ လုပ်နိုင်စွမ်း ဂိတ်ဆုံးထိ ရောက်မလာသေးတာကို သတိပြုမိဖို့ လိုပါတယ်။ သူဟာ ဆိုးရွားတဲ့ ရက်အနည်းငယ်ကို ကြုံခဲ့ရတာကြောင့် ပုံစံကောင်းမရနေတာကို အပြစ်ပြောလို့ မရပါဘူး။

ဆာလာက ဘောလုံးထိချက်တွေ ကောင်းကောင်းမရှိခဲ့ဘဲ အရင်ကလို ယုံကြည်မှုတွေလည်း ပျောက်ဆုံးနေခဲ့ပါတယ်။ သူဟာ ဒီဇင်ဘာအကြိုမှာတုန်းကဆိုရင် ထိန်းလို့မရအောင် ဖြစ်ခဲ့တာကြောင့် အဲ့လိုမျိုး အညှာအတာကင်းတဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ ယှဉ်ရင် အတော်လေးကို နိမ့်ပါးလာတာတော့ အမှန်ပါပဲ။ ပြီးတော့ ညာခြမ်းမှာ ထရန့်လည်း ရှိမနေခဲ့ပါဘူး။

ဂျိုတာရဲ့ ခေါင်းတိုက်ဂိုးအတွက် ဂိုမက်ဇ်က မယုံနိုင်စရာ ဖြတ်တင်ပေးပို့မှု လုပ်နိုင်ခဲ့တယ်။ နံပါတ် ၁၂ ကစားသမားဟာ ညာအစွန်မှာ အတော်လေးကို ကောင်းမွန်ခဲ့ပြီး အရေးပါတဲ့ ခုခံကာကွယ်မှုအနည်းငယ် လုပ်ခဲ့ပါတယ်။ ပြိုင်ဘက်ကို ဆွဲချလို့ အဝါကဒ်ရခဲ့ပြီး တိုက်စစ်အတွက် တောင်ပံတလျှောက် လှုပ်ရှားရင်း ပံ့ပိုးပေးခဲ့ပါတယ်။

ဖလားအကြောင်း ဆွေးနွေးမှုနဲ့ ဘင်ဖီကာ

အန်ဖီးမှာ လိဂ် ၁၀ ပွဲဆက် အနိုင်ရထားပြီး အိမ်ကွင်းမှာ လိဂ် ၁၉ ပွဲဆက် မရှုံးထားပါဘူး။ ခဏလောက်ပဲ ဇယားထိပ်မှာ နေခဲ့ရတယ်ဆိုပေမယ့် အရေးကြီးတာက စီးတီးကို ဖိအားပေးဖို့ပါပဲ။

ကလော့ပ်နဲ့ အသင်းဟာ ခုချိန်မှာတော့ ချန်ပီယံလိဂ်ကို ပြန်ပြီး အာရုံစိုက်ရပါတော့မယ်။ ဘင်ဖီကာက မြန်မြန်ပဲ ရောက်လာတော့မှာဖြစ်ပြီး ထရန့်၊ ဖာဘင်ညိုတို့နဲ့အတူ အဲ့ဒီ့ပွဲမှာ အပြောင်းအလဲ အနည်းငယ် မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ပြိုင်ဘက်တွေနဲ့ ရင်းနှီးတဲ့ လူးဝစ်ဒီယက်ဇ်ကိုပါ မြင်တွေ့ရနိုင်ဖွယ် ရှိပါတယ်။