စာချုပ်သစ် သဘောတူညီမှုရခဲ့ပြီ ဆိုတဲ့ ဆာလာ သက်တမ်းတိုး ကိစ္စအတွက် ဖြေရှင်းချက်

တိုက်စစ်မှူး ဆာလာဟာ လီဗာပူးအသင်းမှာပဲ သူ့ကစားသမားဘဝ ကုန်ဆုံးတဲ့ထိ ကစားသွားဖို့ စာချုပ်သစ် သဘောတူညီမှု ရတော့မယ်လို့ ဗြိတိန်သတင်းဌာန Mirror က ဖော်ပြလာပါတယ်။

၎င်းသတင်းဌာနက ခေါင်းကြီးသတင်းအဖြစ် ဖော်ပြခဲ့ရာမှာဆိုရင် အသက် ၂၉ နှစ်အရွယ် (ဒီနွေမှာ ၃၀ ပြည့်မယ်) အီဂျစ်လက်ရွေးစင်ဟာ စိတ်ပြောင်းသွားခဲ့တာကြောင့် အန်ဖီးမှာပဲ ကာလရှည် စာချုပ်ချုပ်ဆိုသွားဖို့ နီးစပ်နေတာဟာ ယာဂင်ကလော့ပ်အတွက် ကြီးကြီးမားမား စိတ်သက်သာရာ ရစေခဲ့ပါတယ်လို့ ဖြစ်ပါတယ်။

စာချုပ်သစ်မှာ ဆာလာဟာ တစ်ပတ်ကို ပေါင် ၅ သိန်းဝန်းကျင်ကိုမှ ၃ နှစ် သက်တမ်းတိုးခြင်းအပြင် နောက်ထပ် ၁၂ လ သက်တမ်းတိုးမှု ပါဝင်မယ်လို့ အဆိုပါ သတင်းက ဖော်ပြခဲ့တယ်။ ဒီသတင်းဟာ ဆာလာနဲ့ ပတ်သက်လို့ မတင်မကျ သတင်းတွေပဲ ကြားသိထားရတဲ့ လီဗာပူးပရိသတ်တွေကို နားလည်ရ ခက်ခဲမှုတွေ ဖြစ်စေခဲ့ပါတယ်။

ဒါကြောင့်လည်း လီဗာပူးပရိသတ်တွေဘက်က Mirror သတင်းဌာနမှ လီဗာပူးသတင်းထောက် David Maddock ကို ဆက်သွယ် မေးမြန်းမှုတွေ ပြုလုပ်နေခဲ့ပြီး David Maddock ကတော့ အဲ့သတင်းကို ဖော်ပြတာဟာ Mirror သတင်းဌာနက ဖော်ပြခြင်း မဟုတ်ဘဲ သတင်းစာတိုက်က ဖော်ပြခြင်းပဲဖြစ်တယ်လို့ ဆိုပါတယ်။

Maddock ပြောတဲ့ သတင်းစာတိုက်ဆိုတာက Mirror လက်အောက်က Sunday သတင်းစာကို ဆိုလိုပြီး များသောအားဖြင့် ဇာတ်လမ်းဆင်ထားတဲ့ ကောလဟာလတွေကို ဖန်တီး ထုတ်ဝေလေ့ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆာလာရဲ့ စာချုပ်ကိစ္စ ဖော်ပြမှုတွေက မမှန်ကန်ဘူးလို့ ယူဆရပါတယ်။

ဒီနွေမှာ အသက် ၃၀ ပြည့်တော့မယ့် ဆာလာဟာ လီဗာပူးနဲ့ ၁၂ လ စာချုပ်ပဲ ကျန်ရှိတော့တာပါ။ သူနဲ့ ကလပ်ကြား စာချုပ်သစ်ဟာ သဘောတူညီမှု မရထားသလို ဒီအတိုင်းဆိုရင် နွေမှပဲ ဆက်လက် ညိနှိုင်းပြီး အဖြေတစ်ခုခု ထွက်လာဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့အပြင် ကိတ်တာနဲ့ ချိန်ဘာလိန် စာချုပ်ကိစ္စတွေကိုလည်း ဒီနွေမှာ အဆုံးအဖြတ် ပေးရမှာဖြစ်ပြီး လူစာရင်း ပြန်လည် ဖွဲ့စည်းမှုအတွက် အားထုတ်မှုတွေ ရှိလာမယ်လို့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။