ချန်ပီယံလိဂ်ဖိုင်နယ်ထက် ပိုဈေးကြီးတဲ့ လီဗာပူး၊ ယူနိုက်တက်ရဲ့ ချစ်ကြည်ရေးပွဲ လက်မှတ်ဈေးနှုန်း

ကြာသပတေးနေ့တုန်းကပဲ ဒီနှစ် ဇူလိုင်လမှာ ယူနိုက်တက်နဲ့ ချစ်ကြည်ရေးပွဲ တစ်ပွဲ ကစားမယ်လို့ လီဗာပူးအသင်းဘက်က တရားဝင် ကြေညာခဲ့ပါတယ်။

‘The Match’ လို့ နာည်ပေးထားတဲ့ အဆိုပါပွဲကို အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရာဇမင်္ဂလာကွင်းမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့မှာ ကစားမယ့် အဆိုပါပွဲဟာ ၂၀၁၉ တုန်းက အမေရိကန် ခရီးစဉ်မှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်တွေကြတဲ့ ချစ်ကြည်ရေးပွဲဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်လာတဲ့ ဘန်ကောက်က ချစ်ကြည်ရေးပွဲ လက်မှတ် ဈေးနှုန်းတွေကတော့ နှစ်သင်းပရိသတ်တွေအတွက် သတင်းကောင်း မဟုတ်ခဲ့ပါဘူး။ လက်မှတ် အမျိုးအစား ၇ မျိုးရှိပြီး အနိမ့်ဆုံးအဖြစ် ဘတ် ၅၀၀၀ တန် category 5 ကနေ ဘတ် ၂၅၀၀၀ ခွဲတန် ‘platinum’ အဆင့်ထိဆိုပြီး ခွဲခြားထားမှာ ဖြစ်ပါတယ်။

ပွဲကြည့်စင်ရဲ့ ထိုင်ခုံ အများစုက ‘silver’ အတန်းအစားတွေဖြစ်ပြီး လက်မှတ်နှုန်းထားမှာ ဘတ် ၂၀၀၀၀ ဖြစ်ပါတယ်။ ဘန်ကောက်မှာ ယှဉ်ပြိုင်မယ့် လီဗာပူးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ချစ်ကြည်ရေးပွဲ လက်မှတ်တွေဟာ ဥရောပရဲ့ အမြင့်ဆုံးလို့ ဆိုကြမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ နှိုင်းယှဉ်ရင်တောင် များပြားနေပါတယ်။

ချန်ပီယံလိဂ်မှာတော့ လက်မှတ်နှုန်းထားကို ၄ မျိုးခွဲခြားပြီး အနိမ့်ဆုံး Category 4 ကနေ အမြင့်ဆုံး category 1 ဆိုပြီး ရောင်းချမှာဖြစ်တယ်။ Category 4 အတွက် လက်မှတ်ဈေးက ဘတ် ၂၆၀၀၊ category 3 အတွက် လက်မှတ်ဈေးက ဘတ် ၆၇၀၀ ဖြစ်ပြီး category 2 အတွက် ဘတ် ၁၆၇၀၀ နဲ့ အမြင့်ဆုံး category 1 အတွက် လက်မှတ်ဈေးက ဘတ် ၂၂၀၀၀ ဖြစ်တယ်လို့ သိရပါတယ်။

ချစ်ကြည်ရေးပွဲ လက်မှတ်တွေက မြင့်မားပေမယ့် အရှေ့တောင်အာရှက ပရီးမီးယားလိဂ် ပရိသတ်တွေအတွက်က ကမ္ဘာကျော် အင်္ဂလန်ကလပ် နှစ်သင်းကို မျက်ဝါးထင်ထင် မြင်ရမယ့် အခွင့်အရေးဟာ ရှားပါးလွန်းတာဖြစ်တယ်။ ဒါကြောင့်လည်း အာရှပရိသတ် အများအပြားရဲ့ အားပေးမှုနဲ့အတူ လက်မှတ်တွေ ရောင်းကုန်ဖို့ ရှိပါတယ်။