ငါတို့ကို အော်ဟစ်အားပေးပါ၊ မလုပ်နိုင်ရင် လက်မှတ်ကို အခြားသူလွဲပေးပြီး အိမ်မှာပဲ နေခဲ့ကြပါ

မန်နေဂျာယာဂင်ကလော့ပ်က ကလပ်ရဲ့ ဆုဖလား အောင်မြင်ရေး အရေးကြီးဆုံး ကာလကို ရောက်လာနေချိန်မှာပဲ လီဗာပူးပရိသတ်တွေကို တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီကနေ့ညမှာ အစောဆုံး ပရီးမီးယားလိဂ်ပွဲအဖြစ် ဗြိတိန်စံတော်ချိန် နေ့ခင်း ၁၂း၃၀ နာရီမှာ ဝတ်ဖိုဒ့်ကို အန်ဖီးကွင်းမှာ ဧည့်ခံရမှာပါ။ အဆိုပါပွဲအပြီးမှာ ဘင်ဖီကာ၊ မန်စီးတီးတို့ကို အဝေးကွင်းတွေမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဧပြီလမှာ ကစားရမယ့် လီဗာပူးရဲ့ ပွဲစဉ် ၈ ပွဲလုံးဟာ သရေတောင်မှ ကျပိုင်ခွင့်မရှိပါဘူး။

ချန်ပီယံလိဂ်ပွဲတွေ၊ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်နဲ့ ယူနိုက်တက်၊ အဲဗာတန်တို့လို ပြိုင်ဘက်တွေကို ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲတွေလည်း ရှိနေသေးတာနဲ့အတူ အနီရောင်တွေရဲ့ ကျော်ကြားလှတဲ့ အားပေးမှုတွေဟာ တစ်ကျော့ပြန်ပြီး တောက်လောင်ဖို့ လိုအပ်လာနေပါပြီ။

ပွဲကြိုမှာပဲ ကလော့ပ်က “ ဝတ်ဖိုဒ့်နဲ့ပွဲအတွက် အလိုအပ်ဆုံးကတော့ အကောင်းဆုံးသော အားပေးမှုကို လုပ်နိုင်ဖို့ပါပဲ။ စိတ်ပူတုန်လှုပ်နေတာမျိုး မဟုတ်ဘူး၊ အသက်မရှုရဲအောင် လန့်နေတာမျိုးလည်း မဖြစ်ရဘူး။

အသင်းအတွက် အောင်ဟစ်အားပေးတာ၊ သီချင်းတွေ ဟစ်ကြွေး အားပေးတာမျိုးတွေ မလုပ်ပေးနိုင်ဘူးဆိုရင် အိမ်မှာပဲ နေခဲ့ကြပါ။ မင်းတို့ရဲ့ လက်မှတ်တွေကို လုပ်ပေးနိုင်မယ့် အခြားတစ်ယောက်ကို လွဲပေးလိုက်ကြဖို့ တောင်းဆိုပါတယ်။ ငါတို့တွေ အရာအားလုံးကို လိုအပ်နေပါပြီ။

ကောင်လေးတွေက ကမ္ဘာအနှံ့ကနေ ပြန်လာခဲ့ကြတယ်၊ မတူညီတဲ့ စနစ်တွေကို သွားရောက် ကစားခဲ့ကြတယ်။ ဒီနေ့မှာတော့ အားလုံးကို အဖွဲ့တစ်ခုအဖြစ် တတ်နိုင်သလောက် ပြန်ပြီး အမှတ်ရအောင် လုပ်ပေးရပါမယ်။ သူတို့ရဲ့ လက်ရွေးစင်တွေမှာက လုံးဝ မတူညီတဲ့ ကစားဟန်တွေကို သူတို့ သွားကစားခဲ့ကြတာပါ။

ပြီးရင်တော့ ငါတို့က သိပ်ကို စုဖွဲ့မှုကောင်းတဲ့ ဝတ်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အဲ့အတွက် ပရိသတ် တစ်ဦးချင်းထံကနေ အားပေးသံတွေကို လိုအပ်ပါတယ် ” လို့ တိုက်တွန်း နိုးဆော်ခဲ့တာဖြစ်တယ်။

ကလော့ပ်ဟာ လီဗာပူးအသင်းအတွက် အရေးကြီးတဲ့ ပွဲတွေမှာတော့ အန်ဖီးကို ဆင့်ခေါ်စာတွေ ပို့လေ့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် သူ့ရဲ့ တောင်းဆိုမှုကတော့ ဝတ်ဖိုဒ့်ပွဲ တစ်ပွဲတည်း မဟုတ်ဘဲ ရာသီကုန်ထိ ပွဲစဉ်တိုင်းအတွက် ပရိသတ်တွေထံက အားပေးသံတွေအတွက် ဖြစ်နေပါလိမ့်မယ်။