ဝတ်ဖိုဒ့်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ယာယီ ဦးဆောင်ပြီဖြစ်တဲ့ လီဗာပူး

စနေနေ့ရဲ့ အစောပိုင်း ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးအသင်းဟာ ဝတ်ဖိုဒ့်ကို ရင်ဆိုင်ကစားပြီး ၂-၀ ဖြင့် အနိုင်ရကာ အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်လာခဲ့ပါတယ်။

ဒီပွဲမှာတော့ ဆာလာ ပွဲထွက်လူစာရင်းက ပါလာခဲ့ပြီး ညာခြမ်းမှာ ဂိုးမက်စ်နဲ့ ကွင်းလယ်မှာ ဂျုံးတို့ ပါဝင်ကစားခဲ့တယ်။ မာနေးကတော့ အသင်းထံ ပြန်လာမှု နောက်ကျခြင်းကြောင့် မပါနိုင်ခဲ့ဘဲ ဒီယက်စ်ကလည်း တောင်အမေရိက ကနေ ပြန်လာခြင်းကြောင့် ဒီပွဲမှာ မပါနိုင်ခဲ့ပါဘူး။ ထရန့်ကိုတော့ အရန်လူစာရင်းမှာ ထည့်ထားခဲ့ပါတယ်။

လီဗာပူးဟာ နိုင်ငံတကာသီတင်းပတ်အတွက် ကစားသမား အများအပြား လက်လွတ်ထားရတာကြောင့် အကောင်းဆုံးဖြစ်မယ့် လူစာရင်းကို ထုတ်လာခဲ့တယ်။ ပွဲအစမှာတော့ ဝတ်ဖိုဒ့်ရဲ့ သူတင်ကိုယ်တင် ကစားခြင်းကို ရင်ဆိုင်ခဲ့ရကာ သီယေဂို အကောင်းဆုံး ခြေစွမ်းပြမှုနဲ့အတူ ပွဲတန်ပိုကို အသင်းဘက်ရလာအောင် ဆွဲယူနိုင်ခဲ့ပါတယ်။

တိုက်စစ်ဆင်ချိန်မှာ ဘယ်ခြမ်းနဲ့ ကွင်းလယ်ကို ဦးစားပေးခဲ့ရပြီး ခံစစ်ကတော့ နေရာစုံမှာ တည်ငြိမ်ခဲ့ပါတယ်။ ဟန်ဒါဆန်၊ သီယေဂိုတို့ ကွင်းလယ်မှာ ဘောလုံးဟန့်တားမှု၊ ဖြန့်ဝေမှုတွေ ကောင်းမွန်ခဲ့ကာ ဘယ်ခြမ်းက ရော်ဘတ်ဆန်ရဲ့ ခြေစွမ်း တည်ငြိမ်မှုကလည်း အသင်း ကစားကွက်မှာ အထောက်အကူဖြစ်ခဲ့တယ်။

ဒီနေ့ပွဲမှာ ဂိုးမက်စ်ဟာ အစောပိုင်း ခံစစ်ကိုပဲ ပိုအားပြုနေခဲ့ပေမယ့် တကယ်တမ်း တိုက်စစ်လိုက်ရာမှာ အလုပ်ဖြစ်ခဲ့ပါတယ်။ အဖွင့်ဂိုးဟာ ဟန်ဒါဆန်က ညာခြမ်း တိုက်စစ်လိုက်ဖို့ လမ်းခင်းပေးမှုကနေတစ်ဆင့် ဂိုးမက်စ်က ဖြတ်တင်ဘောပေးနိုင်ခဲ့ပြီး ဂျိုတာ ခေါင်းတိုက် သွင်းပါတယ်။ ဒီသွင်းဂိုးကြောင့် ဂျိုးတာဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ ထိ ရလာခဲ့ပါပြီ။

မိနစ်ပိုင်း အကြာမှာပဲ မာတစ်နဲ့ ဗန်ဒိုက်တို့ကြား နေရာနည်းနည်း ဟသွားမှုကို အခွင့်အရေးယူပြီး ဝတ်ဖိုဒ့်ဘက်က တိုက်စစ်ဆင်ခဲ့တာ ကောင်းပေမယ့် အယ်လီဆန် ကာကွယ်ခဲ့တယ်။ ဝတ်ဖိုဒ့်ဟာ လီဗာပူးဘက်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပြီး မာကျော ကျစ်လစ်တဲ့ လီဗာပူးရဲ့ ကစားဟန်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း လီဗာပူးက တူညီတဲ့ လူစာရင်းအတိုင်း ပွဲထွက်ခဲ့ပြီး မိနစ် ၆၀ လောက်မှာ ဂျုံးအစား ဖာဘင်ညိုကို လူစားလဲခဲ့ကာ မိနစ် အတန်ငယ်အကြာမှာတော့ ဆာလာအစား မာနေးကို လူစားလဲခဲ့ပါတယ်။ နောက်ဆုံး လူစားလဲမှုကတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တဲ့ သီယေဂိုအစား မီလ်နာ လူစားဝင်ခြင်း ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးက အတင်းဝင် အတင်ထွက် အားရကျေနပ်စရာ တိုက်စစ်ကစားပုံမျိုး မပြနိုင်ခဲ့ပါဘူး။ သဲကြီးမဲကြီးနဲ့ ခံစစ်မှာ တဒိုင်းဒိုင်း ကာကွယ်နေခဲ့ရတာလည်း မဟုတ်ဘူး။ အမှားကင်းကင်းနဲ့ ပွဲကို ထိန်းကစားရင်း အနိုင် ၃ မှတ်ကို ကျစ်ကျစ်လစ်လစ် ရယူပြခဲ့ခြင်းဖြစ်ပါတယ်။

ပွဲနဲ့ ပတ်သက်လို့ စိတ်သက်သာရာ ရစရာက ထောင့်ကန်ဘော အခြေအနေမှာ ဂျိုတာကို ဝတ်ဖိုဒ့်ဘက်က ဧရိယာထဲ ဆွဲလဲမှုကို ကွင်းလယ်ဒိုင်က VAR သွားကြည့်ပြီး ပင်နယ်တီ ပေးခဲ့ခြင်းဖြစ်တယ်။ အဆိုပါ ပင်နယ်တီကို ဖာဘင်ညိုကပဲ သေသေသပ်သပ် သွင်းယူပါတယ်။

ဝတ်ဖိုဒ့်ကို အနိုင်ရလိုက်တာကြောင့် လီဗာပူးအသင်းဟာ ဒီအပတ် မန်စီးတီးအသင်း ပွဲမကစားခင် အမှတ်ပေးဇယားကို ၂ မှတ်အသာဖြင့် ဦးဆောင်ခဲ့ပါပြီ။ ဒီညမှာပဲ မန်စီးတီးက ဘန်လေကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ လီဗာပူးရဲ့ လာမယ့်အပတ် ပရီးမီးယားလိဂ်ပွဲကတော့ မန်စီးတီးနဲ့ အဝေးကွင်းပွဲ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဝတ်ဖိုဒ့်ကို အနိုင်ရပြီးနောက် လေးလအတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူးက ဇယားထိပ်ကို ရောက်လာခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်မှာဖြစ်ကြောင်း ကြေညာမောင်းခတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။