လီဗာပူးကွင်းလယ်လူ ချိန်ဘာလိန်ကို ချဉ်းကပ်မှု ပြုလုပ်ခဲ့တဲ့ နယူးကာဆယ် ယူနိုက်တက်

၂၀၂၂ ခုနှစ် အစပိုင်းကနေဆိုရင် ချိန်ဘာလိန်ဟာ လီဗာပူးအတွက် ၇ ပွဲပဲ ကစားပေးထားရပြီး အဲ့ထဲကမှ ၅ ပွဲကပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ သူဟာ ပွဲစဉ် ၈ ပွဲမှာတော့ အရန်စာရင်းမှာ ပါဝင်ခဲ့တယ်။

ပထမရာသီဝက်မှာတော့ သူဟာ ၂၂ ပွဲ ကစားခွင့်ရထားကာ အဲ့ထဲက ၁၂ ပွဲမှာပဲ ပွဲထွက် လူစာရင်းကနေ ပါဝင်ခွင့်ရထားတာပါ။ ဒါကြောင့်လည်း နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ လူစားလဲခံရစဉ် ချိန်ဘာလိန်က စိတ်ပျက်နေတဲ့ အမူအယာကို သိသိသာသာ ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီနွေမှာတော့ ချိန်ဘာလိန်နဲ့ လီဗာပူးအသင်း စာချုပ်ဟာ တစ်နှစ်သက်တမ်းပဲ ကျန်ရှိတော့မှာပါ။ ယာဂင်ကလော့ပ်ထံက ယုံကြည်မှုရရေး စွမ်းဆောင်နိုင်ခြင်း မရှိတဲ့ ချိန်ဘာလိန်ဟာ ဒီနွေမှာတော့ အသင်းပြောင်းလိမ့်မယ်လို့ ယူဆခံထားရတယ်။

လီဗာပူးအသင်းဘက်က ဘယ်လို ဆုံးဖြတ်မယ်ဆိုတာနဲ့ ကစားသမားကကော ဘယ်လို မြင်လဲဆိုတာတွေ ရှိနေသေးပေမယ့် ချိန်ဘာလိန်ကို ကမ်းလှမ်းမယ့် ကလပ်ကတော့ ပေါ်ထွက်လာခဲ့ပါပြီ။

The Times သတင်းဌာနမှ လီဗာပူးသတင်းထောက် Paul Joyce ကတော့ နယူးကာဆယ် အသင်းဟာ ချိန်ဘာလိန်ကို ခေါ်ယူဖို့ ဆောင်းရာသီ ဈေးကွက်တုန်းက ချဉ်းကပ်မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြလာပါတယ်။

“ အဲ့တုန်းက ကစားသမားကို လီဗာပူးကနေ ပြောင်းရွှေ့ဖို့ တွန်းအားပေးမှု နည်းပါးခဲ့ပါတယ် ” လို့ Joyce က ရှင်းပြခဲ့တယ်။ သူကပဲ ဆက်လက်ပြီး “ နယူးကာဆယ်က ချိန်ဘာလိန်ကို ဆက်ပြီး စိတ်ဝင်စားနေဦးမယ် ထင်ပါတယ် ” လို့ ဆိုပါတယ်။

သတင်းထောက်က “ ဒီနွေမှာ ချိန်ဘာလိန်ရဲ့ အနာဂတ် ကိစ္စက ဆက်ပြီး မဖြေရှင်းနိုင်သေးဘူးဆိုရင်တော့ အံ့သြသင့်စရာ ဖြစ်လာပါလိမ့်မယ်။ သူ့ရဲ့ စာချုပ် ကုန်မယ့် ရက်တွေကလည်း နီးကပ်လာခဲ့ပါပြီ ” လို့ ဆက်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းမှာ ကာတစ်ဂျုံးနဲ့ အယ်လီးယော့တို့ကို ပိုမို နေရာပေးလာရသလို ဒီနွေမှာ ဖူလ်ဟမ် ကွင်းလယ်လူ ကာဗယ်ဟိုလည်း ရောက်လာမယ့် အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ကွင်းလယ် ပြိုင်ဆိုင်မှုမှာ ချိန်ဘာလိန် ပါဝင်ခွင့်ဟာ ပိုပြီး အခွင့်အလမ်း နည်းလာနေခဲ့ပါပြီ။

၂၀၁၇ မှာ အာဆင်နယ်ကနေ ပေါင် ၃၅ သန်း အကုန်အကျခံ ခေါ်ယူထားတဲ့ ချိန်ဘာလိန်ကို အလွတ်နဲ့ လက်လွတ်ရဖို့ လီဗာပူးက အလိုရှိမျာ မဟုတ်ပါဘူး။ ဒီနွေမှာ မီလ်နာကို လက်လွတ်ရမှာဖြစ်ကာ ချိန်ဘာလိန်ကိုတော့ တန်ကြေးတစ်ရပ်ဖြင့် ရောင်းထုတ်နိုင်ရေး လီဗာပူးဘက်က ကြိုးစားသွားဖွယ် ရှိနေတာဖြစ်ပါတယ်။