ဖာမင်နို၊ သီယာဂိုတို့ ပွဲထွက်မယ့် ဝတ်ဖိုဒ့်အတွက် လီဗာပူးအသင်း ခန့်မှန်း လူစာရင်း

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် အစောပိုင်းပွဲအဖြစ် လီဗာပူးအသင်းနဲ့ ဝတ်ဖိုဒ့်တို့ဟာ စနေနေ့ ည ၆ နာရီ အန်ဖီးမှာ ယှဉ်ပြိုင်ကစားကြပါမယ်။

ဒီလထဲမှာ ဝတ်ဖိုဒ့်နဲ့ပွဲ တစ်ပွဲတည်းက လီဗာပူးကစားရမယ့် အသက်သာဆုံးပွဲလို့ ဆိုနိုင်ပါတယ်။ ဒီပွဲပြီးရင် ဘင်ဖီကာ၊ မန်စီးတီး၊ ဘင်ဖီကာ၊ မန်စီးတီး (အက်ဖ်အေ)၊ ယူနိုက်တက်၊ အဲဗာတန်တို့ကို ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်သလို ပွဲတိုင်းကလည်း နိုင်မှကို ရမယ့် အခြေအနေဖြစ်ပါတယ်။

နိုင်ငံတကာသီတင်းပတ်မှာ မာတစ်၊ သီယေဂို၊ ဖာမင်နိုတို့ ကလပ်မှာ ကျန်ခဲ့တာကြောင့် သူတို့ကို ပင်တိုင်ထားပြီး လက်ရွေးစင်တွေက ပြန်လာတဲ့ ကစားသမားတွေနဲ့ ပေါင်းဖက်ပေးဖွယ် ရှိပါတယ်။ လာမယ့် ပွဲစဉ်တွေမှာ အလှည့်ကျ စနစ်ကိုလည်း ဆက်ပြီး အသုံးပြုရမှာဖြစ်ပြီး မတူညီတဲ့ ပွဲထွက်လူစာရင်းတွေကို ဆက်တိုက် မြင်လာရဖို့ ရှိပါတယ်။

Team News

  • သောကြာနေ့မှာ ထရန့် လေ့ကျင့်ရေး ပြန်ဝင်မှာဖြစ်ပြီး ဝတ်ဖိုဒ့်ပွဲ ပါဝင်လာနိုင်။
  • ကိတ်တာ လေ့ကျင့်ရေး မဝင်နိုင်သေး။
  • ကျန်အသင်းသားအားလုံး ဝတ်ဖိုဒ့်ပွဲအတွက် ရွေးချယ်နိုင်မည်။

Liverpool XI vs. Watford

ဒီပွဲမှာတော့ ယာဂင်ဟာ နိုင်ငံတကာသီတင်းပတ်အတွင်း အသင်းမှာ ဆက်ရှိနေတဲ့ ကစားသမား အများစုကို အခြေခံတဲ့ လူစာရင်းကို ပွဲထုတ်လာနိုင်ပါတယ်။ ဧပြီလထဲမှာ ပွဲကြီးတွေချည်း ကစားရမှာမို့ ဒီပွဲမှာ ကြံ့ခိုင်မှု ရာနှုန်းပြည့် ကောင်းမွန်သူတွေကိုပဲ ကလော့ပ် အဓိက ရွေးချယ်မှာပါ။

ဂိုးသမား အယ်လီဆန်နဲ့ ဗဟိုခံစစ်မှာ ဗန်ဒိုက်၊ မာတစ် အတွဲကို ထုတ်သုံးမှာဖြစ်ပါတယ်။ ညာခြမ်းမှာတော့ ထရန့်ကို ဒီပွဲ အနားပေးပြီး လန်းဆန်းနေတဲ့ ဂိုးမက်စ်ကို နေရာပေးဖွယ်ရှိတယ်။ ဘယ်ခြမ်းမှာတော့ ရော်ဘတ်ဆန်ကို ပွဲထုတ်ပါမယ်။

ကွင်းလယ်မှာလည်း နိုင်ငံတကာ သီတင်းပတ်မှာ အနားရထားတဲ့ ကွင်းလယ်လူ သီယေဂိုကို ပွဲထွက်ခွင့် ပေးဖွယ် ရှိပါတယ်။ လီဗာပူးရဲ့ အကောင်းဆုံး ကွင်းလယ်အတွဲအဖြစ် ဖာဘင်ညို၊ ဟန်ဒို၊ သီယေဂို အတွဲကို ဒီပွဲမှာ မြင်ကြရမှာပါ။

တိုက်စစ်မှာတော့ ဖာမင်နိုကို ပွဲထုတ်ကာ ဘယ် ညာ တောင်ပံတွေမှာ မာနေး၊ ဆာလာ အတွဲကို ထုတ်သုံးမယ်လို့ ယူဆရပါတယ်။ ဂျိုတာ၊ ဒီယက်စ်ကလည်း နိုင်ငံတကာ သီတင်းပတ်မှာ ပေါ်တူဂီနဲ့ ကိုလံဘီယာအတွက် ပွဲကြီးတွေ ကစားထားကြတာဖြစ်ပါတယ်။