ဆုဖလားတွေအတွက် ပိုမို စိတ်ပြင်းထန်နေတဲ့ ဆာလာ၊ အသင်းလိုက် လေ့ကျင့်ရေးမှာ မပါနိုင်သေးတဲ့ ထရန့်

လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမားဖြစ်တဲ့ ထရန့်ဟာ ဗုဒ္ဓဟူးနေ့မှာ အသင်းလေ့ကျင့်ရေးကွင်းထဲ ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာသီတင်းပတ်မှာ ဒူဘိုင်းကိုသွားပြီး လေ့ကျင့်ရေး ဆင်းနေတဲ့ ထရန့်ဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလာဖို့ အားထုတ်နေခဲ့ရတာပါ။ သူဟာ လီဗာပူးရဲ့ အက်ဆာလေ့ကျင့်ရေးကို ပြန်ရောက်လာပေမယ့် တစ်ဦးချင်း ပြန်လည်ထူထောင်ရေး လေ့ကျင့်ရေးကို ပြုလုပ်နေခဲ့ခြင်းဖြစ်ကာ အသင်းလိုက် လေ့ကျင့်ရေးကို ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

အပေါ့စား လေ့ကျင့်ရေးဟာ ကာလဘယ်လောက်ထိ သွားမလဲဆိုတာ မသိနိုင်သေးပေမယ့် ကစားသမားကိုယ်တိုင်က အသင်းဘက်ကပါ တတ်နိုင်သလောက် သူ အမြန်ဆုံး ကြံ့ခိုင်လာနိုင်ဖို့ကို ကြိုးစားပေးနေတာဖြစ်ပါတယ်။

အစောပိုင်းမှာတော့ ထရန့်ဟာ ဧပြီလ ၁၀ ရက်နေ့ မန်စီးတီးပွဲမှာ ပါဝင်ကစားဖို့ မျှော်လင့်ချက် မရှိပေမယ့် အခုချိန်မှာ ပြန်လည် မျှော်လင့်နိုင်စရာ ဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့်လို့ ဒီ ၁၀ ရက်အတွင်း သူ့ရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံး ဖြစ်လာဖို့ လိုအပ်မှာဖြစ်ပါတယ်။

လီဗာပူးအသင်း ညာအစွန်မှာ ထရန့်နေရာ ဝင်ကစားနိုင်ဖို့အတွက် မီလ်နာကော ဂိုးမက်စ်ပါ ကြံ့ခိုင်မှု အကောင်းဆုံး အခြေအနေတွေနဲ့ အသင့်ရှိနေတယ်လို့ သိရတယ်။ အကယ်လို့ ထရန့်ကို မသုံးနိုင်ရင်တော့ ဂိုးမက်စ်က ညာခြမ်းကို တာဝန်ယူရမှာဖြစ်ပါတယ်။

နောက်ထပ် သတင်းအဖြစ် လီဗာပူးအသင်း ဝန်ထမ်းတွေက ဆာလာရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေအတွက် စိုးရိမ်နေခြင်း မရှိဘူးလို့ သိရပါတယ်။ ကလပ် တာဝန်ရှိသူတွေက ဆာလာနဲ့ ဆက်သွယ်ခဲ့ချိန်မှာ တိုက်စစ်သမားက ဒီရာသီကို အမြင့်ဆုံး အဆင့်နဲ့ ရာသီသိမ်းဖို့ ပိုတောင် စိတ်ပြင်းပြနေတယ်လို့ The Athletic သတင်းထောက် James Pearce က ဖော်ပြခဲ့တယ်။

ဗုဒ္ဓဟူးနေ့ မတိုင်ခင်မှာပဲ ဆာလာက လီဗာပူးအသင်း လေ့ကျင့်ရေးကို လာရောက် ပူးပေါင်းမယ့်အကြောင်း သတင်းပို့ထားခဲ့ပြီး ကစားသမားရဲ့ ခံစားချက် အခြေအနေတွေ ကောင်းမွန်နေပါတယ်။