ကလော့ပ်ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်သူကို လီဗာပူးနည်းပြအဖြစ် မြင်လိုကြောင်း ကာရေဂါ ထုတ်ပြော

ဂျေမီကာရေဂါဟာ လီဗာပူးကနေ ယာဂင်ကလော့ပ် ထွက်ခွာသွားရင် ဒီယေဂို ဆီမြွန်နီနဲ့ အစားထိုးဖို့ မြင်ချင်မိတယ်လို့ တစ်ယောက်ယောက်ကို ပြောခဲ့မိကြောင်း ပြန်ပြောပြခဲ့ပါတယ်။

ကာရေဂါဟာ အက်သလက်တီကို မက်ဒရစ် နည်းပြက ပရီးမီးယားလိဂ်ကလပ် တစ်ခုကို ကိုင်တွယ်တာမျိုး မြင်လိုနေပါတယ်။ El Cholo လို့ နာမည်ပြောင်ရထားတဲ့ ဆီမြွန်နီဟာ ၂၀၁၄ နဲ့ ပြီးခဲ့တဲ့ရာသီမှာ အက်သလက်တီကိုနဲ့အတူ လာလီဂါ လိဂ်ဖလားတွေ အောင်မြင်ခဲ့တာဖြစ်ပြီး ကိုပါဒယ်ရေးနဲ့ ယူရိုပါလိဂ် ဖလားနှစ်လုံးလဲ ရရှိခဲ့ပါတယ်။

အာဂျင်တိုင်းသားဟာ အက်သလက်တီကို ကို ၂၀၁၄ နဲ့ ၂၀၁၆ မှာ ချန်ပီယံလိဂ် ဖိုင်နယ်ရောက်အောင် ကူညီပေးခဲ့သေးပေမယ့် နှစ်ကြိမ်လုံး ရီးရဲလ်မက်ဒရစ်ကို ရှုံးခဲ့တာ ဖြစ်ပါတယ်။

ဆီမြွန်နီ အနေနဲ့ နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ ကာရေဂါက စိတ်ဝင်စားစရာ တုံ့ပြန်မှုတစ်ခု ပေးခဲ့တာပါ။

“ ဟုတ်ပါတယ်။ သူ ယူနိုက်တက်ကို ရောက်နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ သူ့မှာ အဲ့ဒီ့လို ဂုဏ်သတင်းရှိတယ်။ နောက်နှစ် အနည်းငယ်အတွင်း လီဗာပူးက ကလော့ပ် ထွက်သွားရင် ဆီမြွန်နီ ခေါ်စေချင်တယ်ဆိုတဲ့အကြောင်း မနေ့ညကပဲ ကျွန်တော် တစ်ယောက်ယောက်ကို ပြောခဲ့ပါသေးတယ်။

ကျွန်တော် ဆီမြွန်နီကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ချင်ပါတယ်။ သူ ဘယ်လိုကစားမလဲဆိုတာ မြင်ချင်တယ်။ သူက ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အမြဲတမ်း ရေပန်းမစားတဲ့ အောက်အသင်းပဲ ဖြစ်နေတာလား? သိချင်မိတယ်။

သူ မန်ချက်စတာ ယူနိုက်တက်ကို လာပြီး တခြားသူတွေလိုပဲ ပိုက်ဆံအများကြီး ရရင် မတူညီတာတွေ လုပ်ပြနိုင်မှာလား? ကျွန်တော်တော့ မသေချာပါဘူး ” လို့ ကာရေဂါက ဆိုပါတယ်။

ကလော့ပ်နဲ့ ဆီမြွန်နီတို့ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့စဉ် တစ်ဦးနဲ့တစ်ဦး ဘဝင်မကျမှုတွေ ရှိထားခဲ့ပါတယ်။ နိုဝင်ဘာတုန်းက လီဗာပူးက အက်သလက်တီကို ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး ဆီမြွန်နီဟာ ကလော့ပ်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းပယ်ခဲ့တယ်။ သူကတော့ ‘အတုအယောင်တွေကို မကြိုက်ဘူး’ လို့ ပြောဆိုခဲ့ပါတယ်။

ကလော့ပ်ကတော့ ဆီမြွန်နီရဲ့ အပြောကို သဘောမကျခဲ့ဘဲ ဒီရာသီ အန်ဖီးမှာ ပြန်တွေ့စဉ် ဆီမြွန်နီကို လက်ဆွဲနုတ်ဆက်ခြင်း မလုပ်ဘဲ လုံးဝ ဥပက္ခာ ပြုခဲ့တာဖြစ်တယ်။ အဆိုပါပွဲမှာ သီယာဂို အယ်ကန်တာရာ တစ်ယောက်သာ အက်သလက်တီကို နည်းပြကို ပွေ့ဖက်နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။