၂၀၂၂ ကာတာ ကမ္ဘာဖလားမှာ ပါဝင်ခွင့်ရမယ့် လီဗာပူးအသင်းသားများနဲ့ ပါခွင့် မရခဲ့သူများ

ဒီအပတ်မှာတော့ မာနေး၊ ဂျိုတာတို့ရဲ့ လက်ရွေးစင် အသင်းတွေ ကမ္ဘာဖလား ခြေစစ်ပွဲ အောင်ခဲ့ကာ ဆာလာ၊ ဒီယက်စ်တို့ရဲ့ အသင်းတွေ ခြေစစ်ပွဲ ကျရှုံးခြင်းနဲ့အတူ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာဖလားမှာ ပါဝင်ခွင့်ရမယ့် လီဗာပူးအသင်းသား စာရင်းက ရှင်းလင်းလာခဲ့ပါပြီ။

မနက်ဖြန်မှာ မဲခွဲမှု ပြုလုပ်သွားမယ့် ကမ္ဘာဖလား ပြိုင်ပွဲကို ဒီနှစ်ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စတင် ယှဉ်ပြိုင်ပါမယ်။ ဒါကြောင့် လာမယ့်ရာသီမှာတော့ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ ဒီဇင်ဘာလ အကုန်လောက်ထိ ကလပ်ပွဲတွေကို ရပ်နားထားရမှာဖြစ်ပါတယ်။

ခြေစစ်ပွဲအောင်ထားသလို ပါဝင်ခွင့်ရနိုင်မယ့် အသင်းသားများ

ထရန့်၊ ဟန်ဒါဆန်၊ ဗန်ဒိုက်၊ အယ်လီဆန်၊ ဖာဘင်ညို၊ မာနေး၊ ဂျိုတာ၊ မီနာမီနိုနဲ့ အိုရီဂီတို့ဟာ ကမ္ဘာဖလားမှာ ပါဝင်ခွင့်ရမယ့်သူတွေပါ။ ဒါပေမယ့်လို့ ဒီနွေမှာ အိုရီဂီက လီဗာပူးကနေ ထွက်ခွာတော့မှာမို့ ကမ္ဘာဖလားပြိုင်ပွဲ ကျင်းပချိန်လောက်မှာ လီဗာပူးအသင်းသား ဖြစ်နေတော့မှာ မဟုတ်ပါဘူး။ ထိုနည်းတူ မီနာမီနိုကလည်း ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာသွားနိုင်ပါတယ်။

နွေမှာ လီဗာပူးအသင်းက ကစားသမားသစ်တွေ ခေါ်ယူတဲ့အခါ သူတို့ထဲမှာ ကမ္ဘာဖလား ပြိုင်ပွဲဝင် လက်ရွေးစင်အသင်းတွေထဲက အသင်းသားတွေ ပါဝင်လာမလား စောင့်ကြည့်ရဦးမှာပါ။

မသေချာသူများ

သီယာဂို၊ ဖာမင်နိုနဲ့ ရော်ဘတ်ဆန်တို့ကတော့ ပါဝင်ဖို့ မသေချာပါဘူး။ ဘရာဇီးနဲ့ စပိန်အသင်းတို့ ခြေစစ်ပွဲ အောင်ထားပေမယ့် စပိန်မှာက ဘာစီလိုနာက လူငယ် ကွင်းလယ်လူတွေကို ပိုမို နေရာပေးနေတာပါ။ ဘရာဇီးမှာကလည်း ဖာမင်နိုထက် လူငယ် တိုက်စစ်သမားတွေကို ပိုမို နေရာပေးနေတာဖြစ်တယ်။ စကော်တလန်ကတော့ ယူကရိန်းနဲ့ play-off ကစားရဦးမှာမို့ မသေချာသေးတာ ဖြစ်ပါတယ်။

ကမ္ဘာဖလားမှာ ပါဝင်ခွင့် မရသူများ

ဆာလာ၊ ဒီယက်စ်၊ မာတစ်၊ ကိုနတေး၊ ကလယ်ဟာ၊ ချိန်ဘာလိန်၊ ကိုစတက်၊ ဂိုးမက်စ်၊ ကိတ်တာ၊ ဂျုံး၊ အယ်လီးယော့တို့ကတော့ ကမ္ဘာဖလားမှာ ပါဝင်ခွင့်ရဖွယ် မရှိပါဘူး။

လီဗာပူးရဲ့ အင်္ဂလန် ကစားသမားတွေက အခွင့်အရေး မရှိတာတော့ မဟုတ်ပေမယ့် ဒီနွေမှာ ရာသီကြိုပြန်ဝင်ပြီး နောက်ရာသီအတွက် လပိုင်းလောက်မှာ တစ်ဟုန်ထိုး ခြေစွမ်းတိုးတက်လို့ ကမ္ဘာဖလားလူစာရင်းအတွက် ရွေးချယ်မယ်ဆိုတာမျိုးက ဖြစ်လာဖို့ ခက်ခဲပါတယ်။ လက်ရွေးစင် နည်းပြတွေဟာ ခြေစစ်ပွဲတစ်လျှောက် စွမ်းဆောင်ပြလာတဲ့ ကစားသမားတွေကနေ မူတည်ပဲ ရွေးချယ်မှာဖြစ်ပါတယ်။