လီဗာပူး ပိုင်ရှင်တွေ ငွေသုံးတာက အဆင့် ၄၊ ၅ ရချင်တဲ့ အသင်းတွေလောက်ပဲ လို့ နဗီးလ် ပြောဆို

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က လီဗာပူး ပရိသတ်တွေဟာ ခုနေ ကလော့ပ် ရှိနေသေးလို့သာ မသိသာသေးဘဲ ကလော့ပ် ထွက်သွားတာနဲ့ အနှေးနဲ့ အမြန် ဆိုသလို အသင်း ပိုင်ရှင်တွေ အပေါ် စိတ်ပျက် အမျက်ထွက်လာလိမ့်မယ်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်း လက်ရှိ ငွေသုံးနေတဲ့ ပမာဏဟာ ထိပ်တန်း စိန်ခေါ်နိုင်တဲ့ အသင်းတွေ သုံးတဲ့ အနေအထား မဟုတ်ဘဲ အဆင့် ၄၊ ၅ နေရာ အတွက် ရုန်းနေတဲ့ အသင်းတွေလောက်သာ ရှိတယ်လို့ နဗီးလ် က ယူဆထားပါတယ်။

လီဗာပူးဟာ နည်းပြ ယာဂင်ကလော့ပ် ၂၀၁၅ မှာ ရောက်လာပြီးတည်းက အသင်းကို တည်ငြိမ်စွာ ထိန်းထားလာနိုင်ပြီး အောင်မြင်မှု ဆုဖလားတွေလည်း ရယူလာနိုင်ခဲ့တာပါ။ ဒါပေမယ့် အသင်းပိုင်ရှင်တွေရဲ့ စိုက်ထုတ်မှုက နည်းပါးပြီး နည်းပြကြောင့်သာ လီဗာပူး ဒီလောက် ထိ ရှိနေတာလို့ နဗီးလ်က အခုလို သုံးသပ်သွားခဲ့ပါတယ်။

” ဘောလုံးအသင်း ပရိသတ်တွေက သူတို့ အသင်း ပိုင်ရှင်တွေဆီကနေ မျှော်လင့်ထားတာကို ကျေနပ်တာ မကျေနပ်တာတွေက ရှိကြတယ်။ လောလောဆယ် လီဗာပူးအသင်းက ပရိသတ်တွေ ငြိမ်သက်နေတယ် ဆိုတာ သူတို့မှာ နည်းပြကောင်းနဲ့ အသင်းကောင်း ရှိနေလို့ပါ။

ဒါတွေ့ ကလော့ပ် လီဗာပူးကို ကျောခိုင်းလိုက်တာနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။ လီဗာပူးအသင်း ငွေသုံးနေတဲ့ ပမာဏ က ပရီးမီးယားလိဂ်မှာ အဆင့် ၄၊ ၅ လောက်မှာ ရှိနေမယ့် အသင်းလောက်ပဲ ရှိတာပါ။

အခု ကလော့ပ် လီဗာပူးမှာ လုပ်ပေးနေတာတွေက တကယ့်ကို ဖြစ်နိုင်တာထက်ကို ပိုပြီး ပြည့်စုံ ကောင်းမွန်နေတယ်။ သူက သူ့ထက် ငွေသုံးတဲ့ ဝိတ် သာတဲ့ ကလပ်အသင်းတွေကို ယှဉ်ဖိုက်နေတော့တာ။ သူက တကယ်ကို ထူးချွန်တဲ့ မန်နေဂျာ တစ်ယောက်ပဲ၊ တကယ်ကိုပါ။

သူ ထွက်သွားတာနဲ့ တပြိုင်နက် နောက် လေး၊ ငါးနှစ်လောက်ပေါ့၊ ကလပ်အသင်းက ခု သုံးနေသလောက်ပဲ သုံးနေမယ် ဆိုရင် အခြေအနေက ပြောင်းလဲသွားမှာပါ။ လီဗာပူးဖန်တွေက သူတို့ အသင်း ပိုင်ရှင်တွေကို ကျေနပ်တော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကလည်း လီဗာပူးကို မန်ချက်စတာ ယူနိုက်တက် တို့၊ မန်စီးတီး၊ ချယ်ဆီးတို့ သုံးနေသလောက် ငွေသုံးစေချင်မယ်လေ။ ” လို့ နဗီးလ်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းကို ဂျွန်ဟင်နရီ ဦးဆောင်တဲ့ FSG ဂရုက ပိုင်ဆိုင်တာ ဖြစ်ပြီး ၎င်းတို့ဟာ Boston Red Sox အမေရိကန် ဘော့စ်ဘော အသင်းကိုလည်း ပိုင်ဆိုင်ပါတယ်။ FSG ရဲ့ ငွေ အများစုက ဘော့စ်ဘော အသင်းကို ဖြည့်ဆည်း သုံးစွဲပေးနေတာ ဖြစ်ပေမယ့် လီဗာပူးအသင်းကတော့ အသင်းဝင်ငွေကနေပဲ ပြန်စီမံ သုံးစွဲနေခဲ့ရတာပါ။