အဝတ်လဲခန်းတွင်း ပြောဆိုမှုအရ ကမ္ဘာဖလားက ထွက်ခွာရမှုကို ခံနိုင်ရည်ရှိပုံရတဲ့ ဆာလာ

လီဗာပူးနဲ့ အီဂျစ်တိုက်စစ်သမား ဆာလာဟာ ဆီနီဂေါကို အရေးနိမ့်ခြင်းကြောင့် ကမ္ဘာဖလား ခြေစစ်ပွဲကနေ ထွက်ခွာခဲ့ရအပြီး အသင်းအဝတ်လဲခန်းမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် စကားပြောခဲ့ပါတယ်။

ဆာလာက လက်ရှိ အီဂျစ်လက်ရွေးစင် အသင်းဖော်တွေနဲ့ တွဲကစားရတာ ဂုဏ်ယူကြောင်း ကနေစလို့ အနာဂတ်မှာ အသင်းနဲ့အတူ မရှိတော့ရင်တောင်မှ အခုလို တွဲကစားရတာကို အခွင့်ထူးခံအဖြစ် ဂုဏ်ယူနေမှာပါလို့ အသင်းအတွက် စကားတွေ ပြောပေးခဲ့ပါတယ်။

ပွဲအပြီး အီဂျစ်အားကစားဝန်ကြီး၊ နည်းပြအဖွဲ့တွေနဲ့ အသင်းသားတွေ စုဝေးနေချိန် ဆာလာက အခုလို ပြောပေးခဲ့တာလို့ အီဂျစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဆာလာက ‘ ဒုတိယအကျော့ မတိုင်ခင်မှာ ပြောခဲ့သလိုပဲ မင်းတို့နဲ့ တွဲဘက်ကစားရတာကို ငါ ဂုဏ်ယူပါတယ်။ မင်းတို့က ငါတွဲကစားဖူးသမျှထဲမှာ အရင်းနှီးဆုံးသူတွေထဲ ပါဝင်သူတွေပါ။ ဂိုမား၊ အဘောက်ထရစ်ကာတို့လို ပြီးခဲ့တဲ့ မျိုးဆက်တွေနဲ့ ငါတွဲကစားခဲ့တယ်။ အဲ့နောက် အယ်ဆာဟိတို့ မျိုးဆက်တွေနဲ့ တွဲကစားခဲ့တယ်။

အခု ငါတို့ လက်ရှိမျိုးဆက် အသင်းဖော်တွေနဲ့ တွဲကစားရတာကိုလည်း ပျော်ပါတယ်။ မင်းတို့နဲ့ တွဲကစားရတာကို ငါပျော်တယ်။ ဒုတိယအကြိမ်မြောက် ပင်နယ်တီ ကန်ရတာဖြစ်တဲ့အတွက် ဖြစ်ခဲ့တာတွေ အားလုံးက ငါတို့ ထိန်းချုပ်မှုအောက်မှာ မရှိဘူး။

မင်းတို့နဲ့ ကစားရသည်ဖြစ်စေ မကစားရတော့ဘူးဖြစ်စေ အတူတွဲဘက် ကစားရတာကို အခွင့်ထူးခံအဖြစ် ခံယူပါတယ် ‘ လို့ အဝတ်လဲခန်းထဲမှာ လက်ရွေးစင် အသင်းဖော်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ ပြည့်တော့မယ့် ဆာလာဟာ အီဂျစ်အသင်းကနေ အနားယူဖို့ မစဉ်းစားသေးပေမယ့်လို့ လာမယ့် အာဖရိကဖလားပွဲ၊ ကမ္ဘာဖလားပွဲတွေမှာ ပါဝင်ချိန်မှာ သူ့အသက်အရွယ်အရ မသေချာတော့တဲ့ အခြေအနေလို့ ဆိုလိုဟန်ရှိတယ်။ ဘေးမှာရှိနေတဲ့ အီဂျစ် အားကစားဝန်ကြီးကပဲ ဆာလာကို ‘မင်းက ငါတို့နဲ့ပဲ ရှိနေမှာပါ’ လို့ တုန့်ပြန်ခဲ့ပါတယ်။

ဆာလာ အနေနဲ့ သူ့ရဲ့ ဘောလုံးရာသီကို အောင်မြင်ရေးအတွက် ကလပ်ပွဲတွေကိုပဲ အာရုံစိုက်ရဖို့ ကျန်ရှိနေတော့တာပါ။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တွေမှာ ပြိုင်ဘက်တွေ နာကျင်စေတာမျိုး ဖြစ်စေဖို့ ဆာလာရဲ့ ကောင်းသော ပေါက်ကွဲခြင်းတွေကို လီဗာပူးပရိသတ်တွေ မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။