နည်းပြလောကထဲ စဝင်ချိန်မှာ ကလော့ပ်က ဘယ်လို အကြံပေးခဲ့လဲ ဂျရတ် ပြောပြ

စတီဗင်ဂျရတ်ဟာ သူ့ရဲ့ နည်းပြဘဝကို စတင်ဖို့ မဲလ်ဝုဒ်ကို ပြန်လည် ရောက်ရှိခဲ့သလို နည်းပြအလုပ်မှာ အတ္တမာနတွေ ရှိလို့ မရဘူးလို့ ယာဂင်ကလော့ပ်ရဲ့ လမ်းညွန်သတိပေးခြင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဟာ ကစားသမားဘဝမှာ ရှိန်လောက်စရာ ကမ္ဘာအဆင့် အကျော်အမော်ဖြစ်ခဲ့တယ်။ သူဟာ ၂၀၁၆ မှာ ကစားသမားဘဝကနေ အနားယူခဲ့ကာ လီဗာပူး အကယ်ဒမီကို နည်းပြအဖြစ် ပြန်ရောက်လာခဲ့ပါတယ်။ ဂျရတ်ဟာ လူငယ်အသင်းနဲ့ အလုပ်လုပ်ခဲ့စဉ် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပြီး ယူ-၁၈ နဲ့ ယူ-၁၉ အသင်းတွေကို တာဝန်ယူခဲ့ရပါတယ်။

ဂျရတ်ဟာ သူ့ရဲ့ အတွေ့အကြုံ အားနည်းမှုကြောင့် ချန်ပီယံရှစ်မှာ နည်းပြလုပ်ဖို့ အခွင့်အရေးကို ပယ်ချခဲ့ပေမယ့် ၂၀၁၈-၁၉ ရာသီ မတိုင်ခင်မှာတော့ ရိန်းဂျားအသင်း နည်းပြအလုပ်ကို တာဝန်ယူခဲ့ပြီး ၃ နှစ်အကြာမှာ စကော့တစ် လိဂ်ဖလား အောင်မြင်စေခဲ့ပါတယ်။

ဂျရတ်ဟာ လီဗာပူးကို နည်းပြအနေနဲ့ ပြန်လာရာမှာ ယာဂင်ကလော့ပ်ရဲ့ အကြံဉာဏ်တွေကို ရယူခဲ့သေးကာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘေးချိန်ထားဖို့ တိုက်တွန်းခံခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

“ ကျွန်တော် နည်းပြလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ အဲ့ဒါက ကျွန်တော့်အတွက် အရေးအကြီးဆုံး ကိစ္စ ဖြစ်ခဲ့တယ်။ ကျွန်တော်က အကယ်ဒမီကို ပြန်လာချင်ခဲ့ပြီး ကလော့ပ်ဆီက အကြံဉာဏ် ယူချင်ခဲ့တာပါ။ သူပေးတဲ့အကြံက ‘မင်းရဲ့ ကစားသမားဘဝ ဂုဏ်ဒြပ်တွေကို ပိုက်ပြီးတော့ မလာခဲ့နဲ့’တဲ့။

တော်သင့်ရုံ အဆင့်အတန်းမှာ ကစားခဲ့ပြီး နည်းပြကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်လို့ တွေးတဲ့ ကစားသမားဟောင်းတွေ အများကြီး ကျွန်တော် တွေ့ခဲ့ဖူးတယ်။ ကင်မရာတွေနဲ့ အဝေးက လီဗာပူးက လူငယ်အသင်းတွေနဲ့ နှစ်နှစ်လောက် အလုပ်လုပ်ပြီး အမှားတွေကနေ သင်ယူလေ့လာဖို့ အရေးကြီးခဲ့တယ်။

လူငယ်အသင်းကနေ မင်း ဘယ်လိုကစားချင်တယ်၊ ဘယ်လိုပုံစံ၊ ဘယ်လိုနည်းစနစ်တွေကို စမ်းသပ်ချင်လဲ? ဆိုတာ ရှာဖွေရမယ်။ မင်းလိုအပ်တဲ့ ကစားသမားတွေနဲ့ အစုအဖွဲ့တစ်ခုကို ဖန်တီးရမယ်။ ဘာလို့လဲဆိုတော့ မင်းက တချို့နေရာတွေမှာ တော်ပြီး တချို့နေရာတွေမှာတော့ လိုအပ်ချက် ရှိနေမှာပဲ။

အဲ့နောက်မှာ မင်းက မှန်ကန်တဲ့ ခံစားချက်ကို ရလာပြီး အခွင့်အရေးကလဲ ရောက်လာပါလိမ့်မယ်။ အဲ့ဒါပြီးရင် မင်း ဘာလုပ်ချင်တယ်ဆိုတာကို ဆုံးဖြတ်လို့ရပြီ။ ဒါက ကျွန်တော့်ရဲ့ နည်းပြဘဝ ခရီး စတင်ခဲ့တဲ့ပုံစံပဲ။ ကျွန်တော် အမြဲတမ်း ဒါကို လုပ်ချင်ခဲ့တာမျိုး မဟုတ်ပါဘူး။ သူ့ဘာသူ နေရာကျသွားခဲ့တာပါ” လို့ ဂျရတ်က ပြောပြခဲ့ပါတယ်။

ရိန်းဂျားကို ပြည်တွင်းဖလား အောင်မြင်မှု ရစေခဲ့တဲ့နောက် ဂျရတ်ဟာ အခုချိန်မှာတော့ အက်စ်တွန်ဗီလာမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေတာဖြစ်တယ်။ ၂၀၂၄ ခုနှစ် ကလော့ပ်အလွန် ကာလတွေမှာ ဂျရတ်က အန်ဖီးကို တာဝန်ယူရနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးခြင်းတွေ ခံထားရတာ ဖြစ်ပါတယ်။