နယ်သာလန်တို့ ကမ္ဘာဖလားမှာ ပြန်လည် ယှဉ်ပြိုင်နိုင်ရေး ဦးဆောင်ပေးခဲ့တဲ့ ဗန်ဒိုက်ကို ဒါ့ကောက် ချီးကျူး

၂၀၁၀ မှာ နယ်သာလန်နဲ့အတူ ကမ္ဘာ့ဖလားဖိုင်နယ် ကစားခဲ့ပြီး၊ နောက် ၄ နှစ်အကြာ ဘရာဇီးမှာ တတိယရခဲ့တဲ့ အသင်းသားတစ်ယောက် ဖြစ်ခဲ့တဲ့ ဒါ့ကောက်ဟာ နယ်သာလန်အသင်း ကမ္ဘာဘောလုံး ဇာတ်ခုံပေါ် ပြန်ရောက်လာခြင်းကို ဝမ်းသာနေပါတယ်။

နယ်သာလန်အသင်းဟာ ၂၀၁၄ ကမ္ဘာဖလားအပြီး ၂၀၁၆ ယူရို ပြိုင်ပွဲနဲ့ ၂၀၂၀ ကမ္ဘာဖလားပြိုင်ပွဲတွေမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ အခုချိန်မှာတော့ နယ်သာလန်ကို ပြန်လည် တောက်ပလာနေခဲ့ကာ အဲ့အတွက် လက်ရှိ အသင်းခေါင်းဆောင်၊ လီဗာပူးကြယ်ပွင့် ဗန်ဒိုက်ကို ဒါ့ကောက်က ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။

“ နယ်သာလန်အသင်း ဘာတွေလုပ်နေတယ်ဆိုတာ စောင့်ကြည့်နေရတာ ကောင်းပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားအပြီးကနေ မနှစ်က ယူရိုပြိုင်ပွဲ မတိုင်ခင်အထိ ဘယ်ပြိုင်ပွဲကြီးမှာမှ လက်ရွေးစင်အသင်း ပါဝင် မကစားခဲ့ရတာက ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူးဝစ်ဗန်ဟားရဲ့ အသင်းကောင်း တစ်သင်းနဲ့အတူ ကာတာကမ္ဘာ့ဖလားကို ပြန်ရောက်လာပါပြီ။

ဗန်ဒိုက်လို အသင်းခေါင်းဆောင်ကို ရထားတာ သိပ်ကောင်းတယ်။ သူ ကြံ့ခိုင်မှု ပြည့်ဝဖို့ပဲ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကွင်းတွင်းရော ကွင်းပြင်ပမှာပါ အရေးပါတဲ့ ကစားသမားမို့လို့ပဲ။ ကျွန်တော် လီဗာပူး ပွဲတိုင်းကို ကြည့်ပါတယ်။ သူ ပြန်လာနိုင်တာက အထင်ကြီးစရာ ကောင်းပါတယ်။ ခက်ခဲတဲ့ ဒဏ်ရာကနေ အခုလို ပြန်လာဖို့ဆိုတာ မလွယ်ကူပါဘူး။

ယာဂင်အနေနဲ့ ရာသီအစမှာ တစ်ပတ်ကို တစ်ကြိမ်သူ့ကို ပေးကစားတာ သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ သူ အခြေအနေ တိုးတက်လာတာကို မြင်နိုင်ပါတယ်။ ယာဂင်ကလော့ပ်က သူ့ကို တစ်ပတ်နှစ်ကြိမ် ကစားဖို့ ယုံကြည်မှု ပေးလိုက်တဲ့အချိန်မှာ သူ့ရဲ့အဆင့်အတန်းက ပိုပိုပြီး မြင့်တက်လာခဲ့တယ်။ သူက အခု အကောင်းဆုံး အနေအထားမှာ ရောက်နေပါပြီ ” လို့ ဒါ့ကောက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ယူရိုပြိုင်ပွဲမှာ နယ်သာလန်အသင်း ခြေစစ်ပွဲအောင်ဖို့ ကြိုးစားရာမှာ ပါဝင်ကူညီနိုင်ခဲ့တဲ့ ဗန်ဒိုက်ဟာ ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲအတွင်း ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ လာမယ့် ကာတာ ၂၀၂၂ ကမ္ဘာဖလားကပဲ ဗန်ဒိုက်ရဲ့ ကစားသမားဘဝ ပထမဆုံးသော လက်ရွေးစင် ပြိုင်ပွဲကြီး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။