လီဗာပူးအနာဂတ်အတွက် ဘယ်လင်ဟမ်ကို အပြတ် စည်းရုံးနေတဲ့ အေးဂျင့် ဟန်ဒို

ဂျော်ဒန် ဟန်ဒါဆန်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လက်ထောက် အသင်းခေါင်းဆောင်ဖြစ်သလို အင်္ဂလန်အသင်း အဝတ်လဲခန်းမှာပါ သြဇာကြီးသူ တစ်ယောက် ဖြစ်ပါတယ်။

လီဗာပူးအသင်းကို ကောင်းမွန်စွာ ဦးဆောင်နိုင်စွမ်းနဲ့အတူ ဟန်ဒိုက အင်္ဂလန် အဝတ်လဲခန်းမှာ အသင်းဖော်တွေကို အမြဲဂရုစိုက် လှုံ့ဆော်ပေးနိုင်သူအဖြစ်လည်း အထင်ကြီးခံရတယ်။ လက်ရှိ အင်္ဂလန်အသင်းရဲ့ သမ္ဘာအရင့်ဆုံး ကစားသမားဖြစ်နေတဲ့ ဟန်ဒိုဟာ မတ်လ နိုင်ငံတကာ သီတင်းပတ်အတွင်း လက်ရွေးစင်အတွက် ရွေးချယ်ခံရတဲ့ တစ်ဦးတည်းသော ၃၀ တန်းထဲက ကစားသမား ဖြစ်ခဲ့ပါတယ်။

အတိတ်တုန်းက ချိန်ဘာလိန်ကို အင်္ဂလန်အသင်းမှာ စောင့်ရှောက်ခဲ့တဲ့ ဟန်ဒါဆန်ဟာ ဂိုးမက်စ်နဲ့ စတာလင်ဖြစ်ရပ်မှာလည်း ခေါင်းဆောင်တစ်ဦးအဖြစ် ဖြေရှင်းပေးခဲ့သူဖြစ်တယ်။ သူနဲ့ ထရန့်တို့ဟာ လက်ရွေးစင် အသင်းဖော် ဆန်ချိုကို လီဗာပူးအသင်း ခေါ်ယူနိုင်ဖို့ ကြိုးစားပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒီနှစ်တွေအတွင်း ဟန်ဒိုဟာ လီဗာပူးအသင်းမှာ သူ့ရဲ့ အမွေအဖြစ် အင်္ဂလန်အသင်းဖော် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ရေး ကြိုးစားပေးလိုဟန်ရှိပြီး နိုင်ငံအသင်းအတွက် သွားရတိုင်းမှာ ဒေါ့မွန် ကွင်းလယ်လူကို သူ့မျက်စိအောက်မှာပဲ အမြဲထားလေ့ရှိတာဖြစ်ပါတယ်။ အခု နိုင်ငံတကာ သီတင်းပတ်မှာ ဘယ်လင်ဟမ်နဲ့ ပတ်သက်ပြီး ဟန်ဒိုက ခပ်ကြွားကြွားလေးတွေ ချီးမွန်းခဲ့ပါတယ်။

ဟန်ဒိုက ” ကစားသမားတွေနဲ့ ပတ်သက်လာရင် အရမ်းကြီး ချီးကျူးပြောဆိုရတာကို ကျနော် မကြိုက်ဘူး။ အထူးသဖြင့် လူငယ်ကစားသမားတွေကိုပေါ့။ ဒါပေမယ့် ဘယ်လင်ဟမ်နဲ့ ပတ်သက်လာရင် ကျနော် အရမ်းအထင်ကြီးပါတယ်။

ဘယ်လင်ဟမ်ရဲ့ ကစားပုံကို ကျနော် သဘောကျတယ်၊ သူ့ရဲ့ အကျင့်စရိုက်ကောင်းကတော့ အရေးကြီးဆုံးဖြစ်ပြီး အဲ့တာကိုလည်း ကျနော် ကြိုက်တယ်။ သူ့ဘာသာ ပျိုးထောင်တဲ့ နည်းလမ်းတွေကိုလည်း ကျနော် သဘောကျမိပါတယ်။

ဘယ်လင်ဟမ်နဲ့ ပတ်သက်လာရင် ကောင်းတာတွေကလွဲလို့ အခြား ပြောစရာစကားမျိုး ကျနော်မှာ မရှိဘူး။ သိပ်ကောင်းတဲ့ ကောင်လေး၊ သိပ်ကောင်းတဲ့ ကစားသမားပါ။ အရွယ်ရောက်လာတာနဲ့အမျှ ရင့်ကျက်လာပြီး ပိုပို သန်မာလာတဲ့ ကစားသမား ဖြစ်လာမှာပါ။

သူ့ကို စောင့်ကြည့်နေမိသလောက် အခုချိန်မှာကိုပဲ ရင့်ကျက်စွာ ကစားနေပါပြီ။ သူက အရမ်းကို အောင်မြင်တဲ့ ကစားသမားဖြစ်လာမှာပါ ” လို့ ဘယ်လင်ဟမ်ကို ချီးကျူးခဲ့တာဖြစ်တယ်။

ဇွန်လမှာ အသက် ၁၉ နှစ်ပြည့်တော့မယ့် ဘယ်လင်ဟမ်ဟာ အင်္ဂလန်အတွက် ၁၀ ပွဲ ပွဲထွက်ပေးထားပါပြီ။ သူဟာ ဒေါ့မွန်အတွက် ၈၃ ပွဲ ကစားရာမှာ ကိုယ်တိုင် ၁၀ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၇ ကြိမ် လုပ်ထားနိုင်သူဖြစ်တယ်။

လီဗာပူးက ဘယ်လင်ဟမ်ကို အရမ်း စိတ်ဝင်စားပါကြောင်း သတင်းထောက် Fabrizio Romano ကလည်း ထုတ်ပြောထားပေမယ့် ဒီနွေမှာ သူ့ကို ခေါ်ယူမယ်ဆိုရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ဒေါ့မွန်ဘက်က တောင်းဆိုမှာ ဖြစ်ပါတယ်။