ဂန္တဝင်ကြီး အွန်နရီ ရှိနေတာတောင် အိုရီဂီနဲ့မှ ဓါတ်ပုံရိုက်ချင်တဲ့ ပရိသတ်ကြောင့် ပွဲကျ

ဒီဗီဒီယိုကတော့ လူမှုကွန်ယက်တွေမှာ အတော်လေး ဂယက်ထခဲ့တဲ့ ဗီဒီယိုဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ ဘယ်ဂျီယံအသင်း ပရိသတ် လူငယ်လေးဟာ အိုရီဂီနဲ့အတူ တွဲဘက် ရိုက်ကူးခွင့်ရခဲ့မှုကို ဗီဒီယိုဖြင့် ပြန်တင်ခဲ့ရာက နာမည်ကြီးသွားခဲ့တာပါ။

လူငယ်လေးဟာ ဘယ်ဂျီယံအသင်းသားတွေ ထွက်လာတာကို စောင့်နေခဲ့ပြီး တိုက်စစ်မှူး အိုရီဂီနဲ့ သီးသန့် တွဲရိုက်ခဲ့တာပါ။ အိုရီဂီထက်အရင် ဆင်းလာတဲ့ ဂန္တဝင်ကြီး အွန်နရီက ကင်မရာကိုင်ပြီး စောင့်နေတာကြောင့် သူနဲ့တွဲရိုက်မယ်လို့ ထင်ခဲ့ပြီး ရပ်ပေးခဲ့ပေမယ့် လူငယ်လေးက အိုရီဂီနဲ့ပဲ ဓါတ်ပုံ ရိုက်သွားခဲ့ပါတယ်။

လူငယ်လေး ကြည့်ရတာတော့ အိုရီဂီရဲ့ ပွေ့ဖက်ထားမှုနဲ့အတူ ဓါတ်ပုံ တွဲရိုက်ခွင့်ရတာကို အတော်လေး ပျော်ရွှင်နေပုံပါပဲ။

ဒီဗီဒီယိုမှာ ဘယ်ဂျီယံအသင်း နည်းပြအဖွဲ့ဝင် အွန်နရီကိုကျော်ပြီး အိုရီဂီနဲ့ ဓါတ်ပုံရိုက်ရဖို့ကို စိတ်အားထက်သန်နေတဲ့ လူငယ်လေးကို မြင်ခြင်းအပေါ် လီဗာပူးပရိသတ်တွေကတော့ မအံ့သြကြပါဘူး။ လီဗာပူးအသင်းမှာ ပွဲထွက်ရမှု နည်းပါးပေမယ့် အိုရီဂီဟာ ဘောလုံးလောကမှာ နာမည်ကြီးလှသူဖြစ်ပါတယ်။

၂၀၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာဘက်ကို သွင်းဂိုး ၂ ဂိုး သွင်းယူခဲ့ကတည်းက အိုရီဂီဟာ လီဗာပူးပရိသတ်တွေကြားမှာလည်း ဟီးရိုးတစ်ဦးဖြစ်ခဲ့တာပါ။ သူဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ဦးဆောင်ဂိုးတစ်ဂိုး သွင်းယူခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ လီဗာပူးဘက်က ဘယ်ဂျီယံ တိုက်စစ်သမားကို သက်တမ်းတိုးစာချုပ်တစ်ခု ချီးမြင့်ခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုမှာလည်း အိုရီဂီက Super Sub ကစားသမားအဖြစ် တောက်ပခဲ့တယ်။ ဒီရာသီ ဝုဗ်အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ပွဲချိန် နောက်ဆုံးမိနစ်မှ အိုရီဂီရဲ့ နောက်ကျ သွင်းဂိုးနဲ့အတူ လီဗာပူးအသင်း အနိုင်ရခဲ့တာဖြစ်ပါတယ်။

လီဗာပူးရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အရန်ခုံကနေ ထလာပြီး သွင်းဂိုး ရယူပေးနိုင်မှု အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားတဲ့ အိုရီဂီဟာ ဒီနွေမှာတော့ အသင်းနဲ့ စာချုပ်ကုန်ကာ အလွတ်ဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်သမားဟာ အေစီမီလန်နဲ့ ညိနှိုင်းမှုတွေ အဆင်ပြေနေပြီး လာမယ့်ရာသီကစလို အီတလီလိဂ်ထံ ပြောင်းရွှေ့သွားဖို့ နီးစပ်နေပါပြီ။