ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာပြီး ဥရောပမှာ အောင်မြင်နေကြတဲ့ အကယ်ဒမီထွက် (၂) ဦး

လီဗာပူးအကယ်ဒမီအတွက် ဂုဏ်ယူစရာ ကိစ္စတစ်ခုကတော့ ဒီနွေမှာ အသင်းကနေ ဥရောပကလပ်တွေထံ ထွက်ခွာသွားတဲ့ ကစားသမားအချို့ဟာ နယ်မြေသစ်တွေမှာ အောင်မြင်မှုတွေ စတင်ရရှိနေကြပါပြီ။

လီဗာပူးအကယ်ဒမီကို ချယ်ဆီးနဲ့ မန်စီးတီး နည်းတူ စီနီယာအသင်းအတွက် အထောက်အပံ့ ပေးနိုင်တဲ့ အကယ်ဒမီတစ်ခု ဖြစ်လာစေရေး ကလပ်ဘက်က အာရုံစိုက်လာခဲ့တာပါ။ ဒီနှစ်တွေမှာ ထရန့်၊ ဂျုံး၊ နီကိုး၊ ကလယ်ဟာတို့ဟာ စီနီယာအဆင့်ကို တက်ရောက်လာခဲ့သလို များစွာသော အကယ်ဒမီ အသင်းသားတွေဟာ အပြောင်းအရွှေ့တွေမှာ ကလပ်ကို အကျိုးဖြစ်လာနေခဲ့ပါတယ်။

လီဗာပူးကနေ ထွက်ခွာပြီး အခြားသော ဥရောပလိဂ်တွေမှာ တောက်ပနေတဲ့ ကစားသမားတွေ ရှိနေပေမယ့် ဒီနှစ်ဦးကတော့ နွေတုန်းက ထွက်ခွာခဲ့ပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်လာနေကြတာ ဖြစ်ပါတယ်။

Kamil Grabara

အသက် ၁၇ နှစ်ပြည့်ချိန်မှာ ပိုလန်ကလပ် Ruch Chorzów ကနေ လီဗာပူးအသင်းထံ ပေါင် ၂ သိန်းခွဲနဲ့ ရောက်လာခဲ့တဲ့ ဂရစ်ဘာရာဟာ စီနီယာအဆင့်မှာတော့ ပွဲထွက်ခဲ့ရခြင်း မရှိပါဘူး။ သူဟာ ကလယ်ဟာနဲ့အပြိုင် စီနီယာအဆင့်ကို ရောက်လာဖို့ ကြိုးစားခဲ့ရသူဖြစ်ကာ မဲဝုဒ်မှာ စီနီယာအသင်းရဲ့ အသင်းသားအဖြစ် ပုံမှန် လေ့ကျင့်ရေး ဆင်းခဲ့ပါတယ်။

နောက်ပိုင်း အငှားတွေ ထွက်ကစားခဲ့သေးတဲ့ ယူ-၂၃ ကစားသမားဟောင်းဟာ ဒီနွေမှာတော့ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းထံ ပေါင် ၃ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့တယ်။ သူ့ရဲ့ အပြောင်းအရွှေ့မှာတော့ အနာဂတ် အသင်းပြောင်းမှုမှာ ရမယ့် အကျိုးအမြတ်ထဲက ၂၀% ကို လီဗာပူးအသင်း ခံစားခွင့် ပါဝင်မှာဖြစ်တယ်။

အသက် ၂၃ နှစ်အရွယ် ဂရစ်ဘာရာဟာ ဒီရာသီမှာ ကိုပင်ဟေဂင်အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲအတွင်း clean sheet ၁၇ ကြိမ် ရခဲ့သလို ဒိန်းမတ် အဆင့်မြင့်တန်းလိဂ်ဖြစ်တဲ့ စူပါလီဂါကို အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ရာသီအတွက် ကိုပင်ဟေဂင်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲကနေ ပါဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

Liam Millar

အသက် ၂၂ နှစ်အရွယ် ကနေဒါ တိုက်စစ်သမားဟာ လီဗာပူးအကယ်ဒမီထွက် စစ်စစ် တစ်ဦးပဲဖြစ်ပါတယ်။ သူဟာ လီဗာပူးစီနီယာအသင်းမှာ နေရာမရခဲ့ပေမယ့် အကယ်ဒမီ အသင်းတွေမှာ အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူခဲ့သေးသူဖြစ်ပါတယ်။

စကော်တလန်လိဂ်နဲ့ အင်္ဂလန် လိဂ်ဝမ်းတွေထံ အငှားကစားခဲ့ရင်းက ဒီရာသီစမှာပဲ ဆွစ်ဇလန်ကလပ် ဘေဆယ်အသင်းထံ ပေါင် ၁.၃ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။သူ့အတွက်လည်း အနာဂတ် အသင်းပြောင်းမှုမှာ ရမယ့် အကျိုးအမြတ်ထဲက ၂၀% ကို လီဗာပူးအသင်း ခံစားခွင့် ပါဝင်မှာဖြစ်ပါတယ်။

မီလာဟာ ဒီရာသီ ဘေဆယ်အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ကိုယ်တိုင် ၉ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်ထားခဲ့တယ်။ ဆွစ်ဇလန်လိဂ်မှာ ဘေဆယ်ဟာ ဒုတိယနေရာမှာပဲ ရှိနေသေးပြီး လိဂ်ချန်ပီယံအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ထက် ယူရိုပါလိဂ် ကွန်းဖရန့်ကိုပဲ ပါဝင်ခွင့်ရဖွယ် ရှိပါတယ်။

ဒါပေမယ့်လို့ သူ ပါဝင် ကစားနေတဲ့ ကနေဒါ လက်ရွေးစင်အသင်းဟာ ၂၀၂၂ ခုနှစ် ကမ္ဘာဖလား ခြေစစ်ပွဲ အောင်ခဲ့ပြီဖြစ်ပါတယ်။