ထရန့်ကို ကမ္ဘာအဆင့် အစွန်လူအဖြစ် ချီးကျူးစကားတွေ ပြောဆိုတဲ့ ဒန်နီ အဲဗက်စ်

ဘာစီလိုနာနဲ့ ဘရာဇီး ဂန္တဝင် ဒန်နီ အဲဗက်စ်က လီဗာပူး ညာအစွန်လူ ထရန့်ကို အတော်လေး အထင်ကြီးပါကြောင်း ထုတ်ပြောခဲ့ပါတယ်။

အကယ်ဒမီကနေ စီနီယာအသင်းထံ တိုးတက်လာခဲ့ကတည်းက ထရန့်ဟာ ကလပ်ရဲ့ အရေးပါဆုံး ကစားသမားအဆင့်ကို ရောက်လာခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ် ညာအစွန်လူဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးထောက်ပံ့မှု အများဆုံး ကစားသမားစာရင်းကိုလည်း ဦးဆောင်နေသူဖြစ်တယ်။

ထရန့်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးထောက်ပံ့မှု အများဆုံး ခံစစ်သမားအဖြစ် ၂၀၁၉-၂၀၂ ဘောလုံးရာသီမှာ ၁၃ ကြိမ် လုပ်ပြနိုင်ခဲ့ပြီး ဒီရာသီမှာတော့ ၁၁ ကြိမ် စွမ်းဆောင်ထားပြီ ဖြစ်ပါတယ်။ ညာအစွန်မှာ တောက်ပခဲ့တဲ့ အဲဗက်စ်ကတော့ သူ့နေရာမှာ ကစားနေသူတွေထဲမှာ ထရန့်ကို အတော်လေး အထင်ကြီးထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာက ဘာစီလိုနာကို ပြန်ခဲ့တဲ့ အဲဗက်စ်ဟာ အသက် ၃၈ နှစ်အရွယ် ရှိနေပေမယ့် ဘောလုံးကစားခြင်းကနေ အနားယူဖို့ ငြင်းဆန်ထားဆဲပါ။ သူ့နေရာမှာ ကစားနေတဲ့ ဥရောပ အကောင်းဆုံး ညာအစွန်လူ ၃ ဦးထဲမှာ အခြားနှစ်ဦးရဲ့ ကစားပုံကို ကြည့်ရတာ နှစ်သက်တယ်ဆိုခဲ့ပြီး ထရန့်ကိုတော့ ကမ္ဘာအဆင့်အဖြစ် ခိုင်းနှိုင်းခဲ့ပါတယ်။

“ ထရန့် အလက်ဇန္ဒား-အာနိုးကို ကျနော် အတော်လေး အထင်ကြီးပါတယ်။ သူက သိပ်ကောင်းတဲ့ ကစားသမားပါ။ ဒီကောင်လေးက ကမ္ဘာအဆင့် စွမ်းရည်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။

ကျနော် ရိစ်ဂျိမ်းနဲ့ ဟာကီမီတို့ရဲ့ ကစားပုံကိုလည်း သဘောကျမိပါတယ်။ ဒီကစားသမားတွေကလည်း နည်းစနစ်ပိုင်းကောင်းသလို သန်မာတဲ့ ကစားသမားကောင်းတွေပါ။

သူတို့ သုံးဦးလုံးက မတူညီတဲ့ ပုံစံနဲ့ ကစားဟန်တွေ ပိုင်ဆိုင်ထားကြတယ်။ ဒါပေမယ့် သူတို့ရဲ့ အလုပ်ကို ကောင်းကောင်းနားလည်သူတွေ ဖြစ်ကြပါတယ် ” လို့ ဒန်နီ အဲဗက်စ်က ဆိုသွားခဲ့တာဖြစ်ပါတယ်။