အန်ဖီးကို လွမ်းနေတာပါဆိုလာတဲ့ အဆုတ်နှစ်လုံးနဲ့ လူသား တိုက်စစ်သမားဟောင်း ဒါ့ကောက်

လီဗာပူးပရိသတ်တွေ အချစ်တော် ကစားသမားဟောင်း ဒါ့ကောက်က အန်ဖီးကို တစ်ကျော့ပြန်လာရတာအတွက် အတော်လေး စိတ်လှုပ်ရှားနေပါတယ်။

အတိတ်တုန်းက ညာခြမ်းတိုက်စစ်မှာ အဆုတ်နှစ်ခုနဲ့ လူသားလို့ ချီးကျူးခံရတဲ့ ဒါ့ကောက်ဟာ ယနေ့ခေတ် ရိုဘိုလို ကစားသမားတစ်ဦးပါ။ ဒါ့ကောက်ဟာ သူ့ရဲ့ မဆုတ်မနစ် အားထုတ်မှုအတွက် လီဗာပူးပရိသတ်တွေရဲ့ ချစ်ခင်ခြင်းတွေကို ပိုင်ဆိုင်ခဲ့ပြီး စတီဗင်၊ တောရက်စ်နဲ့အတူ သူပါဝင်တဲ့ တိုက်စစ်က လူကြိုက်များလှပါတယ်။

လီဗာပူးကနေ ထွက်ခွာပြီးနောက် ကာလတစ်ခုကြာ ဘောလုံးကစားခဲ့ပြီး နယ်သာလန်လိဂ်မှာ တောက်ပတဲ့ နှစ်တေါ ထပ်မံ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ယခုအခါမှာတော့ မန်နေဂျာတစ်ယောက်အဖြစ် အခွင့်အရေးကောင်းတွေအတွက် ကြိုးစားနေပြီဖြစ်ပါတယ်။

“ လီဗာပူးဘောလုံးအသင်းအတွက် လက်မှတ်ထိုးရတာကို ကျနော် သိပ် ဂုဏ်ယူခဲ့တယ်။ အသင်းနဲ့ ပူးပေါင်းခွင့်ရခဲ့တာက ကျနော်အတွက်တော့ အခွင့်ထူးခံ ကိစ္စတစ်ရပ်ပါပဲ။ မဲဝုဒ်ကို ရောက်တဲ့ ပထမဆုံးနေ့ကို မှတ်မိနေသေးသလို၊ ကျနော်ကို ရာဖာက စောင့်နေခဲ့ပြီး လက်ဆွဲ နုတ်ဆက်ခဲ့တဲ့ ပထမဆုံး အသင်းဖော်ကတော့ စတီဗင် ဂျရတ်ပါပဲ။

ဂျရတ်က ကျနော်ကို အများကြီး ကူညီပေးခဲ့တယ်။ သူက လီဗာပူးရဲ့ အသင်းခေါင်းဆောင်လည်း ဟုတ်ပါတယ်။ ကျန်တာကတော့ အားလုံး သိကြတဲ့ အတိုင်းပါပဲ ” လို့ ဒီညပွဲမတိုင်ခင် အသင်းဝဘ်ဆိုဒ်ကနေ ဒါ့ကောက်က ပြောပါတယ်။

လီဗာပူးအတွက် ၂၈၅ ပွဲထိ ကစားပေးခဲ့တဲ့ ဒါ့ကောက်ဟာ ၂၀၁၂ မှာ အသင်းကနေ ထွက်ခွာသွားပြီးတဲ့နောက် ရံပုံငွေပွဲ ၂ ပွဲမှာ လာကစားပေးခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် တိုက်စစ်သမားဟောင်းဟာ ဂျရတ်၊ ကာရေဂါ၊ ဟစ်ပီယာ၊ မက်ဆီ ရိုဒရီဂွက်စ်၊ ဒန်နီရယ် အဂ္ဂါတို့နဲ့ ပြန်လည် တွဲဘက်ခွင့်ရပါတော့မယ်။

“ လီဗာပူးကို တစ်ကျော့ပြန်လာရတာ သိပ်ကောင်းပါတယ်။ ကိုဗစ်ကြောင့် မတွေ့ရတာလည်း ကြာပြီ။ ကျနော်တို့ အားလုံးအတွက် ခက်ခဲတဲ့ အချိန်ဖြစ်ခဲ့တယ်။ အခုလို အသင်းဖော်တွေ၊ အသင်း ဝန်ထမ်းတွေနဲ့ ပြန်တွေ့ရတာက သိပ်ကောင်းပါတယ်။

ကာရိုးနဲ့ ကာရိုလိုင်း (စားဖိုဆောင်က သက်တော်ရှည် လီဗာပူးဝန်ထမ်းတွေပါ) တို့ကို ပြန်မြင်ရဖို့လည်း မျှော်လင့်တယ်။ ကလပ်အနားက လူတွေကို ပြန်တွေ့ရတာ သိပ်ကောင်းပါတယ်။ ဒါကြောင့်ပဲ လီဗာပူးအကြောင်း မေးခံရတိုင်း ဘောလုံးတစ်သင်း ဆိုတာထက် ပိုတယ်လို့ အမြဲ ပြောမိတာပါ။ ဘယ်အချိန်ပဲ ပြန်လာလာ မိသားစုလို ပုဂ္ဂိုလ်တွေကို အမြဲ မြင်ရပါမယ်၊ သူတို့က လီဗာပူးမှာ အမြဲ ရှိနေပါတယ်။

အန်ဖီးကို ပြန်ရမှာက သိပ်ကို ကောင်းပါတယ်။ ပြန်လာဖို့ စောင့်နေခဲ့ပေမယ့် ကိုဗစ်ကြောင့် လာခွင့်မရဘဲ ရံပုံငွေပွဲ ကစားဖို့လည်း စောင့်နေခဲ့ရတယ်။ ဒါပေမယ့် အခုလို ပြန်လာခွင့် ရလိုက်တာက သိပ်ကောင်းပါတယ်။

ပြန်လာရတော့ နည်းနည်းတော့ စိုးထိတ်မိတယ်။ ဒါပေမယ့် ကွင်းထဲ လူအပြည့် မြင်ရရင် သိပ် အံ့သြမိမှာပါ ” လို့ ဒါ့ကောက်က ပြောဆိုသွားတာ ဖြစ်ပါတယ်။