ဂွာဒီယိုလာလို မကစားနဲ့ ကလော့ပ်လို ကစားဆိုပြီး အီတလီဘောလုံးအား ကာပယ်လို သတိပေး

အေစီမီလန်နဲ့ ရီးရဲလ်မက်ဒရစ် မန်နေဂျာဟောင်း ဖေဘီယို ကာပယ်လိုက အီတလီဘောလုံးဟာ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ နည်းလမ်းတွေကို အတုယူသင့်နေပါပြီလို့ ထုတ်ပြောလိုက်ပါတယ်။

ကမ္ဘာဖလား ခြေစစ်ပွဲကို အီတလီအသင်း အရေးနိမ့်မှုဟာ ဘောလုံးလောကကို ဝမ်းနည်းမှုတွေ ဖြစ်စေခဲ့ပါတယ်။ အီတလီဟာ လွန်ခဲ့တဲ့ ၄ နှစ် ရုရှား ကမ္ဘာဖလားတုန်းကလည်း ခြေစစ်ပွဲအောင်ဖို့ ကျရှုံးခဲ့တာဖြစ်တယ်။ ကမ္ဘာဖလား ချန်ပီယံဟောင်းတွေဟာ ဥရောပဘောလုံးလောကမှာ နောက်ကျကျန်နေခဲ့ပြီလို့ ကာပယ်လိုက မြင်ပါတယ်။

အီတလီ ဘောလုံးလောက အနေနဲ့ နည်းစနစ် အသားပေးတဲ့ ဂွာဒီယိုလာရဲ့ စပိန် နည်းစနစ်ကို မေ့လိုက်ကြဖို့၊ ရုပ်ပိုင်းဆိုင်ရာ အားကောင်းပြီး တိုက်ခိုက်လိုစိတ် အပြည့်နဲ့ ကစားရတဲ့ ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်ကို အတုယူဖို့၊ သူ့ရဲ့ ဖိအားပေးနည်းစနစ်ဟာ ဘွန်ဒက်လီဂါရဲ့ အမှတ်အသားဖြစ်လာခြင်းနဲ့အတူ ဂျာမာန်တွေ ဘယ်လိုကစားတယ်ဆိုတာကို အတုယူဖို့ ကာပယ်လိုက တိုက်တွန်းခဲ့ပါတယ်။

“ အီတလီဘောလုံးက ဂွာဒီယိုလာကို အတုယူနေခဲ့တာ ၁၅ နှစ်လောက် ရှိနေပါပြီ။ ဒေါင်လိုက် ပေးမှုတွေ မရှိဘူး၊ ရုပ်ပိုင်းဆိုင်ရာ အားသန်မှု မရှိဘူး၊ စိန်ခေါ်မှုတွေ လုပ်ဖို့အတွက် ပျော်မွေ့မှု မရှိဘူး။ ကျနော်တို့တွေ ယာဂင်ကလော့ပ်ရဲ့ ကစားဟန်ကို ပြောင်းလဲ ကျင့်သုံးသင့်ပါပြီ။

အီတလီမှာ ကလော့ပ်ရဲ့ နည်းစနစ်မျိုး ကျင့်သုံးနေတဲ့ အသင်းက အတ္တလန်တာပါ။ သူတို့ရဲ့ ရလဒ်ကို ကြည့်ကြည့်ပါ။ ဗင်ဇန်ဇို အီတလီယာနိုကလည်း တူညီတဲ့ ကစားပုံမျိုးကို ကြိုးစားနေတယ်။ ဂျီနိုအာနည်းပြကဆိုရင် ကလော့ပ်လို ကစားဟန်မျိုးကို တောင်းဆိုနေတာ တွေ့ရတယ်။

ဂျာမာန် နည်းလမ်းတွေကို လိုက်ပြီး ကစားရပါတော့မယ်။ စပိန်နည်းကို လိုက်ကျင့်သုံးဖို့ ကျနေ်ာတို့မှာ နည်းစနစ်ပိုင်း မလုံလောက်ပါဘူး။ ဥရောပပြိင်ပွဲက အရှိန်အဟုန် မြင့်လွန်းတဲ့ ပြိုင်ပွဲဖြစ်နေပြီး ဒါကို ကျနော်တို့ အသားမကျပါဘူး။

လုံလောက်တဲ့ အီတလီ လူငယ်ကစားသမားတွေ မရှိသလို မှားယွင်းတဲ့ နည်းစနစ်ပေါ်မှာ အခြေခံ ကစားမိနေကြတယ်။ ကျနော်တို့က ဂိုးသမားကို နောက်ပြန်ပေးလေ့ရှိတဲ့ တိုင်းပြည်ပါ။

အိုဆင်ဟမ်၊ လူကာကူနဲ့ အေဘရာဟမ်တို့ဟာ အီတလီပြင်ပမှာဆိုရင် သာမာန် တိုက်စစ်သမားတွေပါ။ အီတလီမှာတော့ သူတို့က ချန်ပီယံတွေဖြစ်ပါတယ်။ ဒါကလည်း မေးခွန်းတွေ ပိုပြီး ထွက်ပေါ်လာစေတယ်။

တခါတလေဆို အချက်အလက်တွေ ဖတ်ရရင် အံ့သြမိတယ်။ ဒီကစားသမားတွေက ပေးချက် ၄၅ ချက်လောက် လုပ်ပါတယ်တဲ့။ အဲ့ပေးချက်တွေထဲမှာ အရေးပါတဲ့ ပေးချက် ဘယ်လောက်ပါနေလို့လဲ? ပေးချက် ဘယ်လောက်ကများ အသုံးဝင်လို့လဲ? ” လို့ မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။