လီဗာပူးပစ်မှတ် ရာဖင်ညာအတွက် ပေါင် ၂၉ သန်း ကမ်းလှမ်းမှုကို လိဒ်စ် ယူနိုက်တက် ပယ်ချ

လိဒ်ယူနိုက်တက်ဟာ ဘရာဇီး တိုက်စစ်သမား ရာဖင်ညာအတွက် စပိန်ကလပ် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။

ရာဖင်ညာကို ခေါ်ယူရေး လီဗာပူးအသင်းက သတင်းကြီးတွေ ထွက်ထားပေမယ့် ရေပန်းစား စာရင်းမှာ ဘာစီလိုနာက ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။ ကက်တလန်ကလပ်က ဒီနွေမှာ အလွတ်ဖြင့် ထွက်ခွင့်ပေးရမယ့် ဒမ်ဘီလီနေရာ အစားထိုးဖို့ ရာဖင်ညာအတွက် ပေါင် ၂၉ သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကာ လိဒ်ဘက်က ပယ်ချခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့အတွက် ကစားသမား စောင့်ကြည့်မှုတွေကို ဆက်လုပ်နေပြီး ပရီးမီးယားလိဂ် တိုက်စစ်သမားတွေဖြစ်တဲ့ ရာဖင်ညာနဲ့ ဘိုဝန်တို့ရဲ့ အနေအထားကို ဆက်လက် လေ့လာနေဆဲဖြစ်ပါတယ်။ ဇန်နဝါရီမှာ ဒီယက်စ်ကို ခေါ်ယူခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာ မသေချာမှု အချို့တွေကြောင့် ပစ်မှတ်တွေကို မျက်နှာမလွဲသေးပါဘူး။

၂၀၂၄ ခုနှစ်မှာ လိဒ်ယူနိုက်တက်နဲ့ စာချုပ်ကုန်မယ့် ရာဖင်ညာက စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိပါဘူး။ ပြင်သစ်ကလပ် ရန်းနစ်ကနေ လိဒ်ကို ယူရို သန်း ၂၀ ဖြင့် ပြောင်းလာခဲ့တဲ့ တိုက်စစ်သမားရဲ့ စာချုပ်မှာတော့ စာချုပ်ပါ ပြောင်းရွှေ့ကြေး နှစ်ခု ရှိထားတာဖြစ်တယ်။

ရာဖင်ညာအတွက် အမြင့်ဆုံးသော ပြောင်းရွှေ့ကြေးက ယူရို ၇၅ သန်းဖြစ်ပေမယ့် အကယ်လို့ လိဒ်ယူနိုက်တက်ဟာ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရမယ်ဆိုရင် ယူရို ၂၅ သန်းဖြင့် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ စာချုပ် အဆင်မပြေမှုအရ ထိပ်သီးကလပ်တွေကတော့ ရာဖင်ညာအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလိုကြခြင်း မရှိပါဘူး။

လိဒ်စ်ရဲ့ နောက်ဆုံး စာချုပ်ကမ်းလှမ်းမှုမှာ လက်ရှိ ဘရာဇီးသား ရနေတဲ့ လစာထက် ၂ ဆနီးပါး တိုးပေးမှာ ဖြစ်ပေမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၇၀ ကို လျှော့ပေးဖို့ ငြင်းပယ်နေတာက ဆွေးနွေးညှိနှိုင်းမှုတွေမှာ အတားအဆီး ဖြစ်စေခဲ့တာလို့ သိရပါတယ်။

ရာသီကုန်မှာ အိုရီဂီ၊ မီနာမီနိုတို့ ထွက်ခွာနိုင်ပြီး မာနေး၊ ဆာလာ၊ ဖာမင်နိုတို့ရဲ့ စာချုပ်ကိစ္စတွေ ၁ နှစ်ပဲ ကျန်မှာဖြစ်လို့ လီဗာပူး တာဝန်ရှိသူတွေက တိုက်စစ်အတွက် နောက်ထပ် အားဖြည့်မှုတွေ လုပ်ဖို့ ရွေးချယ်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။