ဆာလာရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်မရှည်ဖြစ်နေသူတွေအား အိုဝင် သတိပေး

မိုဆာလာအနေနဲ့ လီဗာပူးကနေ ထွက်ခွာမယ်ဆိုရင် သူ့ရဲ့ ရွေးချယ်စရာက မန်စီးတီးမှ မဟုတ်ရင် တခြားဘယ်နေရာမှ မရှိတော့ပါဘူးလို့ လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ဆိုပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားရဲ့စာချုပ်ဟာ ၂၀၂၃ နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာပါ။ သူဟာ လီဗာပူးမှာ ဆက်နေချင်ပေမယ့် သူ့ရဲ့အနာဂတ်က ကလပ် လက်ထဲမှာပါလို့ ဆာလာက ပြောဆိုခဲ့ပေမယ့် နည်းပြ ယာဂင်ကလော့ပ်ကတော့ စာချုပ်သစ် ဆုံးဖြတ်ချက်က ဆာလာရဲ့ လက်ထဲမှာပါလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စာချုပ်ကိစ္စ မပြီးပြတ်ဖြစ်နေပေမယ့် ဒီရာသီကုန်ဖို့က နီးကပ်လာခြင်းနဲ့အတူ ဆာလာရဲ့ စာချုပ်ကိစ္စ အဆင်မပြေနိုင်ဘူးဆိုတဲ့ ယူဆချက်တွေ တိုးပွားလာတယ်။ အိုဝင်ကတော့ ကမ္ဘာအကောင်းဆုံး အသင်းက အကောင်းဆုံးကစားသမားကို နောက်ဆုံးစာချုပ်ပေးတဲ့ ကိစ္စဖြစ်တာကြောင့် စိတ်ရှည်ဖို့ လိုပါမယ်လို့ သတိပေးလိုက်ပါတယ်။

“ မိုဆာလာက လီဗာပူးနဲ့ စာချုပ်မချုပ်ခဲ့ဘူးဆိုရင် ကျွန်တော် အရမ်း အံ့ဩမိမှာပဲ။ အခုချိန်မှာ ရွေးချယ်စရာက ဘာရှိလို့ပဲ။ ပြိုင်ဘက် မန်စီးတီးကို သွားဖို့ပဲရှိတယ်။ တခြားဘယ်နေရာမှ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ ဒီနှစ်သင်းလောက် ကောင်းတဲ့အသင်း မရှိလို့ဘဲ။

ဒီလိုအရာတွေက(စာချုပ်ကိစ္စ) ညတွင်းချင်း ဖြစ်လာတတ်တော့ မဟုတ်တော့ လူတိုင်းကို အချိန်ပေးလိုက်ရအောင်။ ကမ္ဘာ့အကြီးမားဆုံးကလပ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားက သူ့ဘဝရဲ့ အကြီးမားဆုံး စာချုပ် ချုပ်ရမယ့်အကြောင်း ဖြစ်နေတာကိုး။ ဆွေးနွေးညှိနှိုင်းမှုတွေက နည်းနည်းလောက် ကြန့်ကြာနိုင်တာက လုံးဝ ပုံမှန်ပါပဲ ” လို့ အိုဝင်က ပြောပါတယ်။

ဆာလာဟာ ၂၀၁၇ နွေရာသီမှာ ရိုးမားကနေ လီဗာပူးထံ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၃၉ ပွဲမှာ ၁၅၃ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ အန်ဖီးကစားသမားဘဝအတွင်း လီဗာပူးအသင်းကို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ လိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ကို အောင်မြင်အောင် ကူညီပေးခဲ့ထားတာဖြစ်ပါတယ်။