ဆာလာနဲ့ မာနေးတို့ရဲ့ လီဗာပူးအနာဂတ် ဘာဆက်ဖြစ်မလဲ အသင်းသတင်းထောက် ရှင်းပြ

ဒီရာသီကုန်မှာ လီဗာပူးနဲ့ စာချုပ် ၁၂ လပဲ ကျန်တော့မှာဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ရဲ့ စာချုပ်တွေအကြောင်းကို အသင်းသတင်းထောက် Neil Jones က ထုတ်ပြောလာခဲ့ပါပြီ။

Neil Jones က ” လီဗာပူးအသင်းမှာ ဆာလာ၊ မာနေးတို့ရဲ့ စာချုပ် အခြေအနေနဲ့ ပတ်သက်လို့ ကျယ်ပြန့်တဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ သူတို့ နှစ်ဦးလုံးရဲ့ စာချုပ်တွေဟာ နောက်ဆုံး ၁၂ လတွေကို ရောက်လာတော့မှာဖြစ်ပါတယ်။ ဒီအခြေအနေမှာတော့ စာချုပ်သစ်အတွက် တိုးတက်မှု အနည်းငယ်ကိုမှ မြင်တွေ့ထားရခြင်း မရှိပါဘူး။

ဆာလာရဲ့ စာချုပ်ကိစ္စကတော့ ပိုမို စိတ်ဝင်စားခံရပြီး သူ့ရဲ့ အေးဂျင့် Abbas ရဲ့ တွစ်တာက လုပ်ဆောင်မှု အကျိုးဆက်တွေအရလည်း ပရိသတ်တွေက ဆာလာအရေးကို ပိုစိတ်ဝင်စားပါတယ်။ ဒါပေမယ့် မာနေးရဲ့ လီဗာပူး အနာဂတ်ကလည်း မသေချာလှပါဘူး။

မာနေးက လီဗာပူးမှာ ဆက်နေလိုတယ်။ ဒါပေမယ့် ဒီနှစ် ဒါမှမဟုတ် နောက်နှစ်မှာ မာနေး ဆုံးဖြတ်ချက်တစ်ခု လုပ်သွားဖို့ စောင့်မျှော်နေတဲ့ ကလပ်တွေ ရှိပါတယ်။ လီဗာပူးကတော့ အားလုံးသိကြတဲ့အတိုင်း ယာဂင်ကလော့ပ်အတွက် နောက်ထပ် အသင်းကောင်းတစ်သင်းကို စုစည်းပေးဖိုပ စတင်နေပါပြီ။

ဂျိုတာ၊ ကိုနတေး၊ အယ်လီးယော့နဲ့ ဇန်နဝါရီမှာ ရောက်လာတဲ့ ဒီယက်စ်တို့ဟာ လီဗာပူးရဲ့ အနာဂတ်တွေ ဖြစ်ကြပါလိမ့်မယ်။ ထရန့်၊ ရိုဘို၊ ဗန်ဒိုက်၊ ဖာဘင်ညို၊ အယ်လီဆန်တို့ကလည်း ကာလရှည် စာချုပ်တွေမှာ လက်မှတ်ထိုးထားပြီးပါပြီ။

ဆာလာနဲ့ မာနေးတို့ စာချုပ်သစ်မရခြင်းကို ပရိသတ်တွေ စိတ်ပူနေပေမယ့် ဖာဘင်ညိုကို သက်တမ်းတိုးဖို့က ပိုတောင် ဖြစ်နိုင်ချေ နည်းပါးပါတယ်။ လီဗာပူးပိုင်ရှင်အဖွဲ့ FSG က သူတို့ထဲက တစ်ဦး ဒါမှမဟုတ် နှစ်ဦးလောက်ကို ဒီနွေမှာ ထုတ်ရောင်းဖို့ ပြင်ဆင်နေတယ်လို့ ပရိသတ်တွေထဲမှာ ထင်မြင်သူတွေကတော့ များလာနေပြီ။

ဒါပေမယ့် အဲ့တာက မဟုတ်ဖို့ များနေပါတယ်။ အထူးသဖြင့် လီဗာပူးအသင်းက ဆာလာကို ကလပ်သမိုင်းမှာ အမြင့်ဆုံး လုပ်ခရှင်အဖြစ် စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိတယ်ဆိုတာ ကျနော်တို့ အားလုံး သိကြတယ်။ အခုချိန်မှာ သဘောတူညီမှုရဖို့ ဝေးကွာနေတယ် ဆိုပေမယ့် သဘောတူညီမှု ရသွားလိမ့်မယ်လို့ အကောင်းမြင်စရာတွေ ရှိနေပါသေးတယ်။

မာနေးရဲ့ အခြေအနေမှာတော့ စာချုပ်ကိစ္စက ပိုတောင် အေးစက်နေတယ်။ မာနေးကတော့ သက်သောင့်သက်သာပဲ ဖြစ်ပေမယ့် သူနဲ့ အခြားအသင်းတွေကြား သတင်းထွက်မှုတွေက စရှိနေပါပြီ။ လာမယ့် အပတ်တွေမှာတော့ အပြောင်းအရွှေ့ ထင်ကြေးပေးမှုတွေက ပိုမို များပြားလာပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ကလော့ပ် လက်ထက် ပထမဆုံးမျိုးဆက်လို့ ခေါ်ရမယ့် ဆာ၊ ဖာ၊ မာ တို့ရဲ့ အနာဂတ်တွေက ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာဖြစ်ပေမယ့် မန်နေဂျာကလော့ပ် လက်ထက် ဒုတိယမျိုးဆက်အတွက် အစပျိုးမှုတွေကတော့ စတင်နေခဲ့ပြီဖြစ်ပါတယ်။