ကိုလံဘီယာရဲ့ အနာဂတ်အဖြစ် များစွာသော ဖိအားတွေကို ပုခုံးထမ်းလာရတဲ့ လူးဝစ် ဒီယက်စ်

လီဗာပူးအသင်းမှာ လူးဝစ် ဒီယက်စ် အောင်မြင်ဖို့အတွက် အရေးကြီးဆုံး ကိစ္စကတော့ ဖိအားတွေကို ကိုင်တွယ်နိုင်ဖို့ပါပဲ။ ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းအတွက် ကိုယ်စားပြုရခြင်းနဲ့အတူ သူရလာမယ့် ဖိအားတွေက အရမ်းကြီးမားလွန်းပါတယ်။

ဒါကြောင့်ပဲ ကလော့ပ်က “ သူ့ကို စတွေ့ခဲ့ကတည်းက သူဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကိုင်တွယ်နိုင်ရင် ထူးခြားတဲ့ အဆင့်အတန်း တစ်ခုမှာ ချက်ချင်း ကစားနိုင်တဲ့သူ တစ်ယောက် ဖြစ်လာလိမ့်မယ် ဆိုတာ သိခဲ့ပါတယ်။ ကျွန်တော်တို့က သူ ခံစားရမယ့် ဖိအားကို မျှယူပေးလို့ မရဘူး။ သူကိုယ်တိုင်ပဲ ကိုင်တွယ် ဖြေရှင်းရမှာပါ ” လို့ ပြောခဲ့ပါတယ်။

တကယ်တော့ လူးဝစ် ဒီယက်စ်ဟာ လီဗာပူးနဲ့အတူ ဟန်းနီးမွန်းကာလပဲ ရှိသေးတာဖြစ်ပြီး ဖိအားကြီးတွေ ဆိုတာကို နည်းနည်းလေးတောင် မရသေးပါဘူး။ ဒါပေမယ့် ကလော့ပ် ပြောခဲ့တဲ့ သူကိုင်တွယ်ရမယ့် ဖိအားဆိုတာတွေ စတင်ရောက်လာနေကြောင်း အရိပ်အယောင်တွေ မြင်နေရပါပြီ။

ကမ္ဘာဖလား ခြေစစ်ပွဲမှာ မျှော်လင့်ချက် ရေးရေးလေး ရှိနေသေးတဲ့ ကိုလံဘီယာ လက်ရွေးစင်အသင်းဟာ ကြယ်ပွင့်လေးအပေါ် သူတို့ရဲ့ ယုံကြည်အားကိုးမှုတွေ စတင် ပုံအောလာနေခဲ့ပြီဖြစ်တယ်။ မတ်လ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ လီဗာပူးအသင်းရဲ့ ဆုဖလား မျှော်လင့်ချက်အတွက် ဆာလာ၊ မာနေးနည်းတူ ဒီယက်စ်ကလည်း ဖိအားတွေကို မျှဝေသွားရပါမယ်။

ကိုလံဘီယာ ဂန္တဝင်ကြီး Faustino Asprilla က ” အခုချိန်ကစပြီး ကိုလံဘီယာ လက်ရွေးစင်အသင်းအပေါ် ဖြစ်ပေါ်လာမယ့် ကိစ္စတွေအတွက် အဓိက တာဝန်ယူရမယ့်သူက လူးဝစ် ဒီယက်စ်ဖြစ်လာတယ်။ အခုချိန်မှာ တာဝန်တွေ အားလုံးက သူ့အပေါ် ပုံကျလာပါပြီ။

သူကလည်း ကိုယ်ဘာသာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းမှာ ကစားနေသူဆိုတာ သိပါလိမ့်မယ်။ အင်္ဂလန်မှာ မြင်နေရတဲ့ လူးဝစ် ဒီယက်စ်ကို လက်ရွေးစင်အသင်းမှာလည်း အားလုံးက မြင်လိုနေကြတယ်။ လီဗာပူးမှာ သူလုပ်ပြသလို တိုးတက်မှုတွေကို လုပ်နိုင်ခွင့်တွေ ကျနော်တို့ဘက်က ပေးရပါမယ်။

လာမယ့် ဆယ်နှစ်အတွင်းမှာ လူးဝစ် ဒီယက်စ်ဟာ ကိုလံဘီယာ လက်ရွေးစင် အသင်းအတွက် အရေးအကြီးဆုံးသော ကစားသမားဖြစ်လာနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဆာလာနဲ့ မာနေးတို့ဟာ သူတို့ရဲ့ လက်ရွေးစင်အသင်းတွေမှာ ကြီးမားတဲ့ တာဝန်တွေကို ရယူမှုနဲ့အတူ ကမ္ဘာဘောလုံး ဇာတ်ခုံမှာ အမြင့်ဆုံးအဆင့်တွေကို တက်ရောက်လာခဲ့ပါတယ်။ ဒီယက်စ်လည်း သူတို့ခြေရာအတိုင်း လုပ်ပြနိုင်မယ်ဆိုရင် နောက်ထပ်သော ကမ္ဘာအကောင်းဆုံး ကစားသမားတစ်ဦးဟာ အန်ဖီးမြေကနေ ပေါ်ထွက်လာဦးမှာ သေချာလှပါတယ်။