ဂျရတ်၊ ကာရေဂါ၊ စမစ်ဆာ၊ အဂ္ဂါ၊ ဒါ့ကောက်တို့ အန်ဖီးမှာ ပြန်ဆုံမယ့် ဂန္တဝင်တွေရဲ့ ချစ်ကြည်ရေးပွဲ

မတ်လ ၂၆ ရက်၊ စနေနေ့ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ၊ အန်ဖီးမှာ လီဗာပူး ဂန္တဝင်များအသင်းနဲ့ ဘာကာ ဂန္တဝင်များအသင်းဟာ ရံပုံငွေပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။

စတီဗင်ဂျရတ်၊ ဂျေမီကာရေဂါ၊ ဒန်နီရယ်အဂ္ဂါ၊ ဒါ့ကောက်၊ စတိဗ် မက်မန်နာမန်း၊ အော်ရယ်လီယို၊ ဒေါင်းနင်းနဲ့ မက်ဇီ ရိုဒရီဂွက်ဇ် အပါအဝင် လီဗာပူးရဲ့ အတိတ်က နာမည်ကျော် ကစားသမားများစွာတို့က ဒီပွဲမှာ ပါဝင်ကစားသွားမှာဖြစ်ပါတယ်။

ကလပ်ရဲ့ နာမည်ကျော်တွေဟာ အနီရောင်ဂျာစီကို ပြန်လည်ဝတ်ဆင်ဖို့ အထူးအခွင့်အရေး ရလာမှုနဲ့အတူ ကလပ်နဲ့ ပရိသတ်တွေအတွက် သူတို့ရဲ့ ချစ်ခင်မှု စိတ်ခံစားချက်ကို ပြန်လည် အသက်သွင်းသွားကြမှာ ဖြစ်ပါတယ်။

ဒီပွဲကစားဖို့ လီဗာပူးအသင်းရဲ့ ပထမဆုံးသော ဘရာဇီး ကစားသမားဖြစ်သူ ဖေဘီယို အော်ရယ်လီယိုဟာ မာဆေးဆိုဒ်ကို ရောက်ရှိနေပါပြီ။ နောက်ပြီး ဒီပွဲဟာ တောင်ပံသမားဟောင်း ဒေါင်းနင်းအတွက် ပထမဆုံးအကြိမ် လီဗာပူး ဂန္တဝင်အသင်းအတွက် ကိုယ်စားပြုခွင့်ရခြင်း ဖြစ်လာပါမယ်။

အော်ရယ်လီယိုဟာ မာဆေးဆိုဒ်မှာ ၆ နှစ်ကြာအတွင်း ပြိုင်ပွဲစုံ ၁၃၄ ပွဲ ကစားခဲ့ကာ မန်ချက်စတာ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲက နာမည်ကျော် ဖရီးကစ် အပါအဝင် ၄ ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သွင်းဂိုး အားလုံးကို အဝေးကွင်းမှာ သွင်းယူခဲ့တာဖြစ်ခြင်းကြောင့် ပထမဆုံး အန်ဖီးကွင်းကို ရယူလိုစိတ် ပြင်းပြနေပါတယ်။

အသက် ၄၂ နှစ်အရွယ် ကစားသမားဟောင်းက “ ကျွန်တော် အန်ဖီးမှာ ဂိုးသွင်းနိုင်ခဲ့ရင် အိမ်မက်တစ်ခု အကောင်အထည် ပေါ်လာသလို ဖြစ်စေမှာပါ။ ဘာလို့လဲဆိုတော့ ကလပ် ကစားသမားဘဝအတွင်း ကျွန်တော် ရခဲ့တဲ့ လေးဂိုးလုံးက အဝေးကွင်းမှာ သွင်းယူခဲ့တာပါ။ ကျွန်တော် ဖရီးကစ်တစ်လုံးနဲ့ ဂိုးရရင်တော့ အတိုင်းထက်အလွန်ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် အန်ဖီးမှာ ထပ်ပြီး ကစားခွင့်ရတဲ့အတွက် အရမ်း ကျေနပ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင် ကစားသွားပြီးတော့ ဒီအိမ်မက်ကိုလည်း ဖြည့်ဆည်းနိုင်အောင် ကြိုးစားသွားမှာပါ ” လို့ ဆိုပါတယ်။

အက်စတွန်ဗီလာမန်နေဂျာ စတီဗင်ဂျရတ်ကလည်း ဒီပွဲကို လာကစားမယ်လို့ အတည်ပြုထားတာဖြစ်ပြီး သူ့ရဲ့ တွဲဘက်ဟောင်းတွေဖြစ်တဲ့ ပက်ထရစ် ဘာဂါ၊ စမစ်ဆာလို ၂၀၀၅ ချန်ပီယံလိဂ် ဗိုလ်လုပွဲက အသင်းဖော်တွေလည်း ပါဝင်သွားကြမှာဖြစ်ပါတယ်။