လီဗာပူးရဲ့ နောက်ထပ် ထရန့်လား? အိုင်ယာလန် ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။

မကြာသေးမီက နှစ်တွေအတွင်း လီဗာပူးအသင်းဟာ ကလပ်ရဲ့ အကယ်ဒမီကို အဆင့်မြင့်တင်ဖို့အတွက် အင်အားဖြည့်ရင်း အလုပ်ရှုပ်နေခဲ့တယ်။ အခုတစ်ကြိမ် ခါဘီကို ရောက်လာရေး လမ်းတစ်ဝက်ပေါ်မှာ ရှိလာနေသူကတော့ ထရန့် ကိုနေး-ဒိုဟာတီပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပိုင်ရှင်သစ်တွေ လက်အောက်မှာ ကမ္ဘာ့အကျိုးအမြတ် အများဆုံး အကယ်ဒမီတွေထဲက တစ်ခုကို ပိုင်ဆိုင်ဖို့ ကင်းထောက်တွေ ကြိုးစားရှာဖွေမှုနဲ့ လူငယ်သွေးသစ် ခေါ်ယူရေးတွေကို အားထုတ်လာတာပါ။ ဒါကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အကယ်ဒမီ အသင်းသား ရောင်းထုတ်မှုတွေကနေ စုစုပေါင်း ပေါင်သန်း ၁၀၀ ကျော် ရရှိအောင် စွမ်းဆောင်ထားနိုင်တယ်။

နောက်ထပ်လည်း အလားအလာရှိတဲ့သူတွေ ထပ်ရှိနေတုန်းဖြစ်ပြီး အကယ်ဒမီထွက် ထရန့် အလက်ဇန္ဒါး-အာနိုးရဲ့ ထောက်ခံမှုနဲ့အတူ ဒီရာသီ ခါဘီအကယ်ဒမီမှာ တိုးတက်လာသူတွေထဲ ကိတ်ဂေါ်ဒန်လည်း အပါအဝင် ဖြစ်လာပါတယ်။

ကိုနေး-ဒိုဟာတီက နောက်ထပ် အသုတ်မှာ ပါဝင်လာနိုင်ဖွယ်ရှိပြီး လီဗာပူးအသင်းက ၎င်းကို ခေါ်ယူဖို့ ရှေ့ဆုံးက ပြေးနေပါတယ်။ ဆဲလ်တစ်ရဲ့ ဗန်ဒုတ်ဟာ ဒီနွေမှာ လီဗာပူးထံ ရောက်ရှိဖို့ နီးစပ်နေခဲ့တဲ့နောက် ဒိုဟာတီက နောက်ထပ် အပြောင်းအရွှေ့ ချိတ်ဆက်မှုရှိနေတဲ့ ဆယ်ကျော်သက် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ကိုနေး-ဒိုဟာတီဟာ အိုင်ယာလန်လိဂ်က ဒါရီစီးတီးမှာ လက်ရှိကစားနေပြီး ဒီနွေရာသီကျမှ ၁၆ နှစ်ပြည့်မယ့် ကောင်လေးပါ။ လီဗာပူးတို့ ဒါ့ကောက်ကို အန်ဖီးထံ ခေါ်ယူခဲ့တဲ့ နွေရာသီမှာ သူ့ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒိုဟာတီဟာ ဘယ်တောင်ပံရော ညာတောင်ပံမှာပါ ကစားနိုင်ပြီး ဒါရီရဲ့ ယူ-၁၉ အသင်းအတွက်တောင် ကိုယ်စားပြု ကစားနေပြီး ဖြစ်ပါတယ်။

သူဟာ အသင်းကြီးရဲ့ အရံခုံမှာလည်း ထိုင်ခဲ့ဖူးပေမယ့် စီနီယာ ပွဲဦးထွက်ခွင့်တော့ မရသေးပါဘူး။ သူဟာ အိုင်ယာလန်ရဲ့ ယူ-၁၆ နဲ့ ယူ-၁၇ အဆင့်မှာ ကိုယ်စားပြုခဲ့ပြီးဖြစ်ပြီး မယ်လ်တာ၊ မြောက်အိုင်ယာလန်တို့နဲ့ ခြေစမ်းပွဲမှာ ဂိုးသွင်းယူခဲ့ပါတယ်။ သူ့အနေနဲ့ ၁၈ နှစ် မတိုင်ခင်ကတည်းက အင်္ဂလန်ကို လွတ်လွတ်လပ်လပ် ပြောင်းရွှေ့နိုင်ပါတယ်။

အန်ဖီးထံ သူ့ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်သွားရင် ဒါရီစီးတီးဟာ လျော်ကြေးအနေနဲ့ ပေါင် သိန်းဂဏန်းကို ရရှိပါလိမ့်မယ်။ ဒီနှစ်တွေမှာ မန်နေဂျာကလော့ပ်ဟာ လီဗာပူး ဆယ်ကျော်သက် ကစားသမားတွေကို အသင်းကြီးမှာ ကစားချိန်တွေ ပေးနေတာပါ။ အနာဂတ်မှာ ကိုနေး-ဒိုဟာတီကလည်း စီနီယာအဆင့် ပွဲကစားခွင့်တွေ ရလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။