ပါးနပ်တဲ့ ဘောကောက်လေးကနေ လီဗာပူး လူငယ်အသင်းနဲ့ အတူ ဂိုးသွင်းကြမ်းနေပြီ ဖြစ်တဲ့ ကန်နာနီယာ

လီဗာပူးကြယ်ပွင့်လေး အိုကလေ ကန်နာနီယာဆိုတဲ့ နာမည်ကို အသင်းပရိသတ်တွေ ကိုယ်တိုင်တောင်မှ သိပ်မသိကြပါဘူး။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ထရန့်ရဲ့ ထောင့်ကန်ဘောအတွက် ဘောလုံးပစ်ပေးခဲ့တဲ့ကောင်လေးဆိုရင်တော့ ပရိသတ်တိုင်းက သိကြပါတယ်။

သူဟာ အိုကလေ ကန်နာနီယာပဲဖြစ်ပါတယ်။ လီဗာပူးသမိုင်းမှာ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အောင်မြင်မှုအတွက် ကန်နာနီယာဟာ တရားဝင် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ခဲ့ပေမယ့် သူ့ရဲ့ ပါးနပ်မှုဟာ အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တယ်ဆိုတာကို ပရိသတ်တွေ ကိုယ်တိုင်ရော ထရန့်ကိုယ်တိုင်ကပါ ယုံကြည်ထားပါတယ်။

ယော့ရှိုင်းယားမှာ မွေးဖွားခဲ့တဲ့ ကန်နာနီယာဟာ လီဗာပူးအမာခံ မိသားစုက မွေးဖွားလာသူဖြစ်တယ်။ သူ့ရဲ့မိခင်ဟာဆိုရင် သား သုံးဦးလုံးကို လီဗာပူးအကယ်ဒမီနဲ့ အနီးမှာ ထားလိုတာကြောင့် ယော့ရှိုင်းယားကနေ ခါဘီ အနီးလေးကို ပြောင်းလာခဲ့သူဖြစ်တယ်။ မိခင်ဖြစ်သူကော သားသုံးဦးလုံးပါ လီဗာပူးအမာခံ ပရိသတ်တွေဖြစ်ပါတယ်။ နောက်ပြီး အားလုံးကလည်း လီဗာပူးအကယ်ဒမီမှာ ပညာ သင်ကြားနေကြသူတွေပါ။

လီဗာပူးအသင်းက ကန်နာနီယာကို ဒီရာသီမှာ ပရော်ဖက်ရှင်နယ်စာချုပ် စတင် လက်မှတ်ထိုး ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပြီး ဒီကောင်လေးဟာလည်း ချက်ချင်းဆိုသလို ဒီရာသီမှာ ယူ-၁၈ အသင်းနဲ့ အတူ ဟုန်းဟုန်းတောက်လာခဲ့ပါတယ်။ ကန်နာနီယာ က ဒီရာသီ လီဗာပူး လူငယ်အသင်းနဲ့ အတူ ၁၇ ပွဲ ကစားထားရာမှာ ဂိုး ၂၀ ထိ သွင်းယူထားပြီ ဖြစ်ပါတယ်။

လီဗာပူးနဲ့ ပရိုစာချုပ် မချုပ်ခင်မှာ သူ့ဇာတိမြေဖြစ်တဲ့ ယော့ရှိုင်းယားအခြေစိုက်ကလပ် လိဒ်ယူနိုက်တက်က ခေါ်ထုတ်ဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ကန်နာနီယာ က ယူ-၁၈ အသင်းမှာ ၄-၃-၃ ကစားကွက်ရဲ့ တိုက်စစ်ဗဟိုကနေ ကစားသူ ဖြစ်ပြီး ပြိုင်ဘက်တွေကို ဧရိယာထဲမှာ ကောင်းစွာ ခြိမ်းခြောက်နိုင်သူ ဖြစ်ပါတယ်။ လီဗာပူး လူငယ်အသင်းကလည်း စီနီယာ အသင်းကြီး နည်းတူ ဖိအားပေး မြန်နှုန်းမြင့်နဲ့ တိုက်စစ် အားသန် ကစားကြပြီး ကန်နာနီယာ က နေရာယူ မှန်မှန်နဲ့ ဂိုးတွေ ပုံမှန်သွင်းယူ ခြေစွမ်းပြနေပါတယ်။

ကန်နာနီယာ က စီနီယာအသင်းကြီးနဲ့ အတူ မပါဝင်ဖူးသေးပေမယ့် သူ့ အနာဂတ်ကတော့ တောက်ပနေပါတယ်။ လီဗာပူး အကယ်ဒမီရဲ့ ပျိုးထောင်မှု အသီးအပွင့်တွေကနေ တိုက်စစ်မှုးလေး တစ်ဦး ထွန်းတောက်လာတာကို မြင်နေရပြီး ၎င်းဟာ နောက်နှစ်တွေမှာ ယူ-၂၃ အသင်းကနေ စီနီယာအသင်းကြီးဆီ တက်လှမ်းလာနိုင်မယ့်သူလို့ မျှော်လင့်ခြင်း ခံထားရပြီ ဖြစ်ပါတယ်။