သီယေဂိုနဲ့ ဂျိုတာ ကြား မျက်နှာငယ်ရသူ ကိုစတက်အတွက် ညတွင်းချင်း သီချင်းစပ်ပေးတဲ့ လီဗာပူးပရိသတ်များ

လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေပြီး Call Yourself a Teammate? ဆိုတဲ့ ပရိုဂရမ်ကို သီယေဂို အယ်ကန်တာရာ၊ ဒီယေဂို ဂျိုတာ၊ ကိုစတက် ဆီမီးကတ်စ်တို့နဲ့အတူ ပြုလုပ်ခဲ့ပါတယ်။

ThinkMarkets က စီစဉ်ပေးတဲ့ အဆိုပါပရိုဂရမ်က ကလပ်အသင်းဖော်တွေကြားမှာ အချင်းချင်းအကြောင်း ဘယ်လောက်သိသလဲ ဆိုတာအတွက် မတူညီတဲ့ ပုံစံတွေဖြင့် မေးခွန်းတွေမေးမယ်၊ လုပ်ဆောင်မှုတွေ လုပ်ခိုင်မယ်။ အဲ့အတွက် ဂိမ်းလေးတွေ ကစားကြမယ်ဆိုတဲ့ အစီအစဉ်မျိုးဖြစ်ပါတယ်။

အဆိုပါ ဂိမ်းကစားကြတဲ့ ၁၄ မိနစ်ကျော်ကြာ ဗီဒီယိုကို အသင်းဝဘ်ဆိုဒ်မှာ ဝင်ကြည့်လို့ ရသလို အသင်းရဲ့ ယူကျူ့ချန်နယ်မှာလည်း တင်ထားပေးပါတယ်။

ဂိမ်းကစားမှုမှာ လီဗာပူးပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်ခဲ့တာကတော့ ကိုစတက်ပါပဲ။ သွေးဆူလွယ်တဲ့ ဥရောပအရှေ့ပိုင်သားလို့ ကလော့ပ် ပြောခဲ့သလိုပဲ ကိုစတက်ရဲ့ ခပ်ပြာပြာ၊ ရိုးအအ၊ အရှုံးမပေးလိုမှုတွေကို လီဗာပူးပရိသတ်တွေက သဘောကျခဲ့ကြပါတယ်။

ဂိမ်းစကတည်းက ခံနေရတဲ့ ကိုစတက်ဟာ ကစားပွဲရဲ့ ပွဲစဉ် (၄) မှာတော့ အခန်းထဲမှာ မရှိတဲ့ အသင်းဖော်တွေထံကနေ သူတို့ သုံးဦးအတွက် ပရိသတ်တွေ ရေးစပ်ပေးထားတဲ့ သီချင်းတွေကို သီဆိုပေးအောင် အကူအညီ သွားတောင်းရမှာဖြစ်ပါတယ်။

ကစားရမယ့် ဂိမ်းကို သိပြီးချိန်မှာ ကိုစတက်က မှင်သက်သွားပုံနဲ့ ” ကျနော်မှာ သီချင်းမှ မရှိတာ ဘရိုရာ ” လို့ တုန့်ပြန်ခဲ့တယ်။ အစီအစဉ် တင်ဆက်သူက အဲ့လိုဆိုရင် အသင်းဖော်တွေ သီချင်းစပ်ပေးဖို့ အကူအညီတောင်းဖို့နဲ့ သူနားထောင်ပြီး အကဲဖြတ်ပေးမယ်လို့ ဆက်ပြောခဲ့တယ်။

သီယေဂိုအတွက် ဟန်ဒိုက စပိန်သားရဲ့ သီချင်း ဆိုပေးခဲ့သလို ဂျိုတာအတွက် ပရိသတ်တွေ စပ်ထားပေးတဲ့ သီချင်းကို ဟာဗေးက ဆိုပေးခဲ့တယ်။ ဒါပေမယ့်လို့ ကိုစတက်က သူ့အတွက် သီချင်းဆိုပေးဖို့ အသင်းဖော်တွေကို အကူအညီတောင်းပေမယ့် သူ့မှာ သီချင်းမရှိတာကြောင့် အသင်းဖော်တွေက မဆိုပေးနိုင်ခဲ့ပါဘူး။ ဟန်ဒိုရဲ့ အကူအညီတောင်းပေးမှုနဲ့အတူ အီဘူးကပဲ Freestyle အနေနဲ့ Rap တစ်ပိုဒ် ဆိုပေးခဲ့ပါတယ်။

ဂိမ်းကစားအပြီးမှာ အနိုင်ရသူက သီယေဂိုဖြစ်ခဲ့ပြီး ကိုစတက်ကတော့ သူ့မှာ သီချင်းမရှိတာကို ထပ်ပြီး စောဒက တက်ခဲ့ပါတယ်။ ကိုစတက်အတွက် ဝမ်းသာစရာကတော့ အဆိုပါ ဂိမ်းမှာ ဂရိသား မျက်နှာငယ်ခဲ့ရတာကို လီဗာပူးပရိသတ်တွေ သိခဲ့ကြတယ်။ ဒါကြောင့်ပဲ သူ့အတွက် သီချင်းတစ်ပုဒ်ကို ညတွင်းချင်း ရေးပေးခဲ့ကြပါတယ်။

ကိုစတက်အတွက် သီချင်းရဲ့ သီချင်းစာသားကတော့ ” ဆီမီ ဆီမီ ဆီမီဆိုတဲ့ ငါတို့ရဲ့ ကိုစတက် ဆီမီကတ်စ်။ သူ့ပတ်စ်ပို့မှာ ဂရိသားဆိုပေမယ့် သူက လီဗာပူးမွေးစားသားဆိုတာ ငါတို့ အားလုံး သိပါတယ် ” လို့ ဖြစ်ပါတယ်။

ကလပ်ပွဲတွေ ပြန်လည်စတင်လို့ ကိုစတက် ပွဲထွက်ရတဲ့ ပွဲတွေမှာတော့ ဂရိဘယ်အစွန်လူဟာ သူ့အတွက် ပရိသတ်တွေ ရေးစပ်ပေးတဲ့ ကိုယ်ပိုင် သီချင်းတစ်ပုဒ်နဲ့အတူ ပြုံးပျော်နိုင်တော့မှာ ဖြစ်ပါတယ်။