လီဗာပူးနဲ့ စာချုပ်ကုန်တော့မယ့် ကစားသမား (၅) ဦး၊ ဒီနွေမှာ အလွတ်နဲ့ ထွက်မယ့်သူ (၄) ဦး

လီဗာပူးအသင်းဟာ ဒီရာသီစမှာ ကစားသမားပေါင်း များစွာကို သက်တမ်းတိုးစာချုပ်တွေ ပေးခဲ့သလို ကိုနတေးနဲ့ ဒီယက်စ်လို ကစားသမားကောင်းတွေကိုလည်း ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။

ဒီနွေမှာ အသင်းရဲ့ စီနီယာကစားသမား ၄ ဦးဟာ အလွတ်ဖြင့် ထွက်ခွာကြမှာဖြစ်ပြီး အဓိက ကစားသမားတွေထဲက ၅ ဦးကလည်း ၁၂ လ စာချုပ်ပဲ ကျန်ရှိတော့တာပါ။ အဆိုပါ အသင်းသားတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

Adrián

မနှစ်ကပဲ လီဗာပူးအသင်းဟာ အသက် ၃၅ နှစ်အရွယ် စပိန်ဂိုးသမားကို အယ်လီဆန်ရဲ့ အရန်ဂိုးသမားအဖြစ် အသင်းမှာ ဆက်ရှိနေဖို့ သက်တမ်းတိုးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ထိ သက်တမ်းတိုးခြင်းထက် စာချုပ်ပါအရ တစ်နှစ် သက်တမ်းတိုးနိုင်ခွင့် သဘောတူညီမှုအတိုင်း ၂၀၂၂ ခုနှစ်ထိ သက်တမ်းတိုးခဲ့ခြင်းလို့ နားလည်ရပါတယ်။

Loris Karius

အသက် ၂၈ နှစ်အရွယ် ဂျာမာန်သား ဂိုးသမားကို ဇန်နဝါရီမှာ ထွက်ခွင့်ပေးခဲ့ပေမယ့် အသင်းသစ် မရခဲ့ပါဘူး။ ဒီနွေမှာတော့ သူဟာ လီဗာပူးအသင်းနဲ့ စာချုပ်ကုန်ပြီ ဖြစ်ပါတယ်။

James Milner

ဝါရင့် ကွင်းလယ်လူကို အသင်းမှာ ဆက်ထိန်းထားဖို့ ကလော့ပ်က တောင်းဆိုထားပါတယ်။ ဒါပေမယ့် ကလပ်နဲ့ မီလ်နာကြားမှာ သက်တမ်းတိုးဖို့အတွက် ညိနှိုင်းမှုတွေ မရှိဘဲ ကွင်းလယ်လူဟာ ဘောလုံးကစားဖို့ အခြားသော ကလပ်အသင်းထံ အလွတ်ဖြင့် ထွက်ခွာမှာပါ။

Divock Origi

မနှစ်ကနွေမှာ အိုရီဂီကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကမ်းလှမ်းမှုတွေ မရှိခဲ့ပါဘူး။ လီဗာပူးရဲ့ ကျော်ကြားတဲ့ ဘယ်ဂျီယံသားဟာ လုပ်ခ လျော့ယူမှုနဲ့အတူ စီးရီးအေကလပ် အေစီမီလန်ထံ ရောက်ရှိဖို့ နီးစပ်နေပါပြီ။

လီဗာပူးအသင်းနဲ့ စာချုပ် (၁) နှစ်ပဲ ကျန်ရှိသူများ

Sadio Mané

လာမယ့်လမှာ အသက် ၃၀ ပြည့်တော့မယ့် ဆီနီဂေါ တိုက်စစ်သမားဟာ ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိမှာဖြစ်ပါတယ်။ လီဗာပူးအသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိသေးသလို ရောင်းချဖို့လည်း ကြိုးစားခြင်း မရှိသေးပါဘူး။

Roberto Firmino

ဒီနှစ် အောက်တိုဘာမှာ အသက် ၃၁ နှစ်ပြည့်မယ့် ဘရာဇီး တိုက်စစ်သမားဟာလည်း ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိပါမယ်။ သူကလည်း မာနေးနည်းတူ စာချုပ်သစ် မရသေးပါဘူး။

Mohamed Salah

ဇွန်လမှာ အသက် ၃၀ ပြည့်မယ့် တိုက်စစ်သမားကို လီဗာပူးဘက်က စာချုပ်သစ်ပေးဖို့ ကြိုးစားနေပါတယ်။ ကလပ်နဲ့ လက်ရှိ စာချုပ်ဟာ ဒီရာသီကုန်ရင် ၁ နှစ်ပဲ ကျန်ရှိမှာဖြစ်ကာ ဆာ၊ ဖာ၊ မာ တိုက်စစ်တွဲမှာ စာချုပ်သစ်အတွက် ညိနှိုင်းခံရတဲ့ တစ်ဦးတည်းသော တိုက်စစ်သမားပါ။ ဆာလာက ထိပ်တန်းလုပ်ခ ရလိုပေမယ့် ကလပ်ရဲ့ လုပ်ခပိုင်း တည်ဆောက်ပုံကို ချိုးဖောက်ဖို့ လီဗာပူးဘက်က ဆန္ဒမရှိဖြစ်နေပါတယ်။

Alex Oxlade-Chamberlain

ဒီရာသီကုန်ရင် အသက် ၂၉ နှစ် ပြည့်တော့မယ့် ကွင်းလယ်လူဟာလည်း စာချုပ် ၁ နှစ်ပဲ ကျန်ပါတယ်။ လာမယ့်ရာသီ ကမ္ဘာဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်လိုတယ်ဆိုရင် ချိန်ဘာလိန်ဟာ ပုံမှန်ပွဲကစားခွင့် လိုအပ်မှာဖြစ်ကာ လီဗာပူးမှာတော့ အဲ့အခွင့်အရေး ရဖို့ ခက်ခဲပါလိမ့်မယ်။

Naby Keita

ဖေဖော်ဝါရီကမှ အသက် ၂၇ နှစ်ပြည့်ထားတဲ့ ဂူနီယာကွင်းလယ်လူကို လီဗာပူးဘက်က သက်တမ်းတိုးမယ်လို့တော့ သတင်းကြားထားပါတယ်။ သူကလည်း လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့သူဖြစ်ပါတယ်။