ဒီရာသီ ဥရောပထိပ်တန်းလိဂ် (၅) ခုရဲ့ အကောင်းဆုံး ပေါ်တူဂီတိုက်စစ်မှူးဖြစ်လာတဲ့ ဂျိုတာ

တိုက်စစ်မှူးဂျိုတာဟာ နော်တင်ဟမ် ဖောရက်စ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ သွင်းဂိုးရယူခဲ့တဲ့နောက် ဒီရာသီ အကောင်းဆုံးသော ပေါ်တူဂီ တိုက်စစ်သမားအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။

တိုက်စစ်သမားဟာ ဖောရက်စ်ပွဲမှာ သွင်းဂိုး ရခဲ့တာကြောင့် ပြိုင်ပွဲစုံ သွင်းဂိုး ၁၉ ဂိုးထိ ရှိလာခဲ့ပါပြီ။ အဆိုပါထဲမှာ ပရီးမီးယားလိဂ်မှ ၁၃ ဂိုး၊ ကာရာဘောင်းဖလား ၃ ဂိုး၊ အက်ဖ်အေဖလား ၂ ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၁ ဂိုးတို့ ပါဝင်ထားပါတယ်။

ဂျိုတာဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၂ ဂိုး၊ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၆ ဂိုး ရထားတဲ့ ပေါ်တူဂီတိုက်စစ်သမား ရော်နယ်ဒိုရဲ့ ဒီရာသီ ပြိုင်ပွဲစုံ ၁၈ ဂိုးကို ကျော်ပြီး ဥရောပ ထိပ်တန်းလိဂ် ၅ ခုထဲမှာ သွင်းဂိုးအများဆုံးသော ပေါ်တူဂီသား တိုက်စစ်သမားလည်း ဖြစ်လာခဲ့တာပါ။

ဂျိုတာဟာ တောင်ပံသမားပုံစံထက် နံပါတ် ၉ တိုက်စစ်မှူး နေရာက ပိုကစားနေရပြီး သူ့ရဲ့ သွင်းဂိုးတွေထဲက ၁၃ ဂိုးဟာဆိုရင် အထောင်တိုက်စစ်နေရာတွေမှာ ပါဝင်ကစားချိန် သွင်းယူနိုင်ခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း ဖောရက်စ်ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က ဂျိုတာကို တကယ့်တိုက်စစ်မှူးကောင်းလို့ ထုတ်ဖော်ချီးကျူးထားတာဖြစ်တယ်။

ဇန်နဝါရီမှာ လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ ဒီယက်စ်ရဲ့ တောက်ပမှုအပေါ် သတိပြုမိကြပေမယ့်လို့ ဆာလာ၊ မာနေးတို့နဲ့အပြိုင် တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဂျိုတာကလည်း ယာဂင်ကလော့ပ်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့တယ်။

လီဗာပူးသတင်းထောက် Chris Bascombe ကတော့ ဒီရာသီမှာ ဆုဖလားပြိုင်ပွဲ ၄ ခုအတွင်း ကလပ်ရဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ဆက်လက် ရှိနေခြင်းဟာ ဂျိုတာရဲ့ သက်ရောက်မှုကလည်း အရေးပါတဲ့ အကြောင်းရငင်း (၄) ချက်ထဲက တစ်ချက်အဖြစ် ထည့်သွင်း သုံးသပ်ထားတာဖြစ်တယ်။

အနာဂတ်မှာ လီဗာပူးတိုက်စစ်ကြောင်းကို ဦးဆောင်မယ့်သူလို့ ယုံကြည်ခံရတဲ့ ဂျိုတာဟာ ကစားသမားဘဝမှာ ကြံ့ခိုင်မှုမှတ်တမ်း ကောင်းမွန်သူဖြစ်ကာ ဒီရာသီမှာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် သီတင်းပတ် အနည်းငယ် အနားယူရတာကလွဲရင် တစ်ရာသီလုံး ရွေးချယ်ခွင့်ရနေသူဖြစ်ပါတယ်။